ပဇီကြီးရွာကို မီးလောင်ဗုံးနဲ့တိုက်ခိုက်ခဲ့ကြောင်း HRW ထုတ်ပြန်
2023.05.09
ဧပြီလ ၁၁ ရက်နေ့က စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ပဇီကြီးရွာကို စစ်ကောင်စီက လေကြောင်းက ဗုံးကြဲတိုက်ခိုက်ရာမှာ Thermobaric လို့ခေါ်တဲ့ ပေါက်ကွဲနှုန်းမြင့်တဲ့ မီးလောင်ဗုံးလက်နက် အသုံးပြုခဲ့တယ်လို့ လူ့အခွင့်အရေးလေ့လာစောင့်ကြည့်ရေးအဖွဲ့ (HRW) က ဒီနေ့ ထုတ်ပြန်လိုက်ပါတယ်။
ဒါဟာ အရပ်သားတွေ အစုလိုက်အပြုံလိုက် သေဆုံးအောင် မဆင်မခြင်လုပ်ဆောင်မှုဖြစ်ပြီး နိုင်ငံတကာလူသားချင်းစာနာမှုဥပဒေကို ချိုးဖောက်တဲ့ စစ်ရာဇဝတ်မှုမြောက်တယ်လို့ HRW က ထောက်ပြပါတယ်။ အဲဒီနေ့က တိုက်ခိုက်မှုမှာ ကလေးတွေအပါအဝင် ဒေသခံပြည်သူ ၁၆၀ သေဆုံးခဲ့ပါတယ်။
ရုပ်အလောင်းတွေကို ရိုက်ကူးထားတဲ့ဓာတ်ပုံ ၅၉ ပုံနဲ့ တိုက်ခိုက်ခံရတဲ့နေရာကို ရိုက်ကူးထားတဲ့ ဗီဒီယိုမှတ်တမ်းတွေကို စစ်ဆေးကြည့်ရှုပြီးနောက် ဒါဟာ ပေါက်ကွဲနှုန်းမြင့်မားတဲ့ မီးလောင်ဗုံးအမျိုးအစား လက်နက်ပစ္စည်းနဲ့ လေကြောင်းကနေ တိုက်ခိုက်ခဲ့တယ်ဆိုတဲ့အချက်ကို ကောက်ချက်ချနိုင်ခဲ့တာလို့ HRW အဖွဲ့က ပြောပါတယ်။
အရပ်သားအများအပြားရှိနေတဲ့နေရာကို မြန်မာစစ်တပ်က အခုလိုလက်နက်တွေနဲ့ တိုက်ခိုက်တာဟာ လူတွေရဲ့အသက်ကို အရေးမစိုက်ကြောင်း ပြသလိုက်တာဖြစ်တယ်လို့ HRW ရဲ့ အာရှဆိုင်ရာညွှန်ကြားရေးမှူး Elaine Pearson က ပြောပါတယ်။
မြန်မာစစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို ဟန့်တားဖို့အတွက် နိုင်ငံတကာအစိုးရတွေက ငွေကြေး၊ လက်နက်နဲ့ လေယာဉ်ဆီတွေ ဖြတ်တောက်သင့်တယ်လို့ ဆိုပါတယ်။
လက်နက်ကိုင်ပဋိပက္ခတွေနဲ့ သက်ဆိုင်တဲ့ အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုဥပဒေမှာ တိုက်ပွဲဝင်တပ်ဖွဲ့တွေနဲ့ အရပ်သားတွေကို ခွဲခြားသတ်မှတ်ဖို့၊ တိုက်ခိုက်ရေးပစ်မှတ်ကို စစ်ဘက်ကိုသာ အဓိကထားပြီး အရပ်သားပြည်သူတွေ မဖြစ်ဖို့ ဖော်ပြထားပါတယ်။ ဒီဥပဒေကို ပြင်းပြင်းထန်ထန်ချိုးဖောက်တာဟာ စစ်ရာဇဝတ်မှုကျူးလွန်တာဖြစ်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် စစ်ပွဲဆိုင်ရာ ဥပဒေချိုးဖောက်မှုတွေအဖြစ် စစ်ကောင်စီမှာ တာဝန်ရှိတယ်လို့ သတ်မှတ်နိုင်တဲ့ ရာဇဝတ်မှုတွေထဲမှာ ဧပြီလ ၁ဝ ရက်နေ့က ချင်းပြည်နယ်အတွင်း အရပ်သားပြည်သူ ၉ ဦးကို သတ်ဖြတ်မှု၊ မေလ ၂ ရက်နေ့က ပဲခူးတိုင်း ထန်းတပင်မြို့နယ်မှာ အရပ်သား ၃ ဦးကို သတ်ဖြတ်မှု၊ ဧပြီလ ၂၁ ရက်နေ့က မကွေးတိုင်း မြိုင်မြို့နယ်၊ မကြီးကန်ရွာမှာ ဂျပန် JICA အဖွဲ့ရန်ပုံငွေနဲ့ တည်ဆောက်ထားတဲ့ဆေးရုံကို မီးရှို့မှု၊ ရှမ်းပြည်နယ်အတွင်း ပြီးခဲ့တဲ့မတ်လက ပြည်သူ ၂၂ ဦးကို ဖမ်းဆီးသတ်ဖြတ်မှု… စတာတွေ ပါဝင်တယ်လို့လည်း HRW ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။