ရိုဟင်ဂျာဒုက္ခသည်တွေကို ကာကွယ်ပေးရန် အင်ဒိုနီးရှားအစိုးရကို HRW တောင်းဆို

RFA Burmese
2024.01.16
ရိုဟင်ဂျာဒုက္ခသည်တွေကို ကာကွယ်ပေးရန် အင်ဒိုနီးရှားအစိုးရကို HRW တောင်းဆို ရိုဟင်ဂျာ ဒုက္ခသည်များရောက်ရှိလာသည်ကို အင်ဒိုနီးရှားနိုင်ငံ၊ အာချေးပြည်နယ်၊ ဆာဘန်ကျွန်းရှိ ဒေသခံများ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၈ ရက်နေ့က ကန့်ကွက်ခဲ့စဉ်။
ASSOCIATED PRESS

ရိုဟင်ဂျာဒုက္ခသည်တွေလိုက်ပါလာတဲ့လှေတွေကို ပြန်မောင်းထုတ်တာ ချက်ချင်း ရပ်တန့်ပြီး လူသားချင်းစာနာမှုအကူအညီပေးဖို့ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ (HRW)က အင်ဒိုနီးရှားအစိုးရကို ဇန်နဝါရီ ၁၆ ရက်နေ့ ထုတ်ပြန်တောင်းဆိုပါတယ်။

အင်ဒိုနီးရှားအာဏာပိုင်တွေအနေနဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကို ဘေးကင်းလုံခြုံတဲ့ အနီးဆုံးဆိပ်ကမ်းတွေမှာ ဆိုက်ကပ်ခွင့်ပေးပြီး လူသားချင်းစာနာမှုအကူအညီတွေနဲ့ ကာကွယ်မှုပေးသင့်တယ်လို့ဆိုပါတယ်။

ဒီအပြင် ဒုက္ခသည်တွေအပေါ် အကြမ်းဖက်ဖို့ အွန်လိုင်းကတစ်ဆင့် လှုံ့ဆော်နေတာတွေ ကိုလည်း စုံစမ်းစစ်ဆေးသင့်တယ်လို့ HRW က ဖော်ပြပါတယ်။

အင်ဒိုနီးရှားနိုင်ငံ အနောက်ပိုင်း အာချေပြည်နယ်မှာ အမျိုးသမီးနဲ့ ကလေးငယ်တွေအများစု ပါဝင်တဲ့ ရိုဟင်ဂျာဒုက္ခသည် ၁၃၇ ဦး ထားရှိရာနေရာကို ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၂၇ ရက်နေ့ က ကျောင်းသား တစ်ရာကျော်ဟာ အင်အားသုံးဝင်ရောက်ပြီး ဒုက္ခသည်တွေကို နှုတ်နဲ့သာမက ကိုယ်ထိလက်ရောက် ထိပါးစော်ကားခဲ့တယ်လို့ ဆိုပါတယ်။

အာချေပြည်နယ်က တခြားဒေသခံတွေကလည်း ကမ်းကပ်လာတဲ့ ရိုဟင်ဂျာလှေတွေကို တားဆီးဖို့ကြိုးစားခဲ့သလို ကမ်းခြေမှာရှိတဲ့ ရိုဟင်ဂျာတဲတွေနဲ့ တခြားနေရာတွေက ရိုဟင်ဂျာဒုက္ခသည်တွေကို နေရာရွှေ့ပြောင်းဖို့ ဝိုင်းပြီးတောင်းဆိုခဲ့ပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလလကစပြီး ရိုဟင်ဂျာဒုက္ခသည်လှေ ၁၁ စီးဟာ အင်ဒိုနီးရှားနိုင်ငံက ပြည်နယ်နှစ်ခုကို ရောက်ရှိခဲ့ပြီး စုစုပေါင်း ဒုက္ခသည်အရေအတွက် ၁,၇၀၀ ဝန်းကျင် ရှိပါတယ်။ အဲဒီထဲက ခုနစ်ဆယ်ရာခိုင်နှုန်းကျော်က အမျိုးသမီးနဲ့ ကလေးငယ်တွေ ဖြစ်တယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ကထုတ်ပြန်ထားပါတယ်။

လွန်ခဲ့တဲ့နှစ်နှစ်အတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာရှိတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တစ်သန်းဟာ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရသလို မြန်မာနိုင်ငံ ရခိုင်ပြည်နယ်က ရိုဟင်ဂျာဒုက္ခသည်တွေလည်း စစ်အစိုးရရဲ့ ပြင်းထန်တဲ့ လူအခွင့်အရေးချိုးဖောက်မှုတွေနဲ့ မကြာခဏ ရင်ဆိုင်ကြုံတွေ့နေရတယ်လို့ HRW က ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။