ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေ မြန်မာစစ်တပ်ကို ပိုပြီးဖိအားပေးသင့်ကြောင်း HRW ပြော
2024.03.19
မြန်မာပြည်သူတွေကို တောက်လျှောက်မရပ်မနား ဖိနှိပ်ရက်စက်နေတဲ့ မြန်မာ့တပ်မတော်ကို မြန်မာ ပြည်သူတွေရဲ့အသံအတိုင်း ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံတွေက စုပေါင်းအရေးယူတဲ့နည်းနဲ့ တိတိကျကျ ဆောင်ရွက်သင့်ပြီလို့ Human Rights Watch လို့ခေါ်တဲ့ လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့က တိုက်တွန်းပြောဆိုလိုက်ပါတယ်။
ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့မှာ ဖေဖော်ဝါရီ ၂၆ ကနေ ဧပြီလ ၅ ရက်နေ့အထိကျင်းပနေတဲ့ ၅၅ ကြိမ်မြောက် ကုလသမဂ္ဂ လူ့အခွင့်အရေး ညီလာခံမှာ HRW အဖွဲ့က မနေ့က တင်ပြတိုက်တွန်းလိုက်တာပါ။
စစ်တပ်အာဏာသိမ်းထားတဲ့ ၃ နှစ်အတွင်း စစ်ကောင်စီဟာ တိုင်းပြည်ကိုဖျက်ဆီးလိုက်တယ်လို့ ဆိုပါတယ်။ နိုင်ငံနေရာတော်တော်များများမှာ တိုက်ပွဲတွေတောက်လျှောက်ဖြစ်နေပြီး လူ ၂ ဒသမ ၄ သန်းကို အိုးမဲ့အိမ်မဲ့ဖြစ်စေတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီဟာ လူတွေကိုအစုအပြုံလိုက် အပြစ်ပေးတဲ့နည်းမျိုးနဲ့ အခက်အခဲဖြစ်နေတဲ့သူတွေဆီ လူသားချင်းစာနာမှု အကူအညီတွေမရောက်အောင် ပိတ်ဆို့ခဲ့သလို၊ ဖြတ်လေးဖြတ်စနစ်ကို ကျင့်သုံးခဲ့တယ်လို့ HRW အဖွဲ့က ထောက်ပြပါတယ်။
အခုဆိုရင် မြန်မာပြည်ပြဿနာဟာ အိမ်နီချင်းတွေဖြစ်တဲ့ တရုတ်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်အပြင် အရှေ့တောင်အာရှကိုပါ ဒေသတွင်းတည်ငြိမ်ရေးနဲ့ လုံခြုံရေးကိုထိခိုက်လာနေပြီလို့ ဆိုပါတယ်။
မြန်မာစစ်တပ်ရဲ့ စစ်ရာဇဝတ်ချိုးဖောက်မှုနဲ့ လူသားဖြစ်တည်မှုကို ဆန့်ကျင်တဲ့ရာဇဝတ်ကျူးလွန်မှုဟာ အရေးယူမခံရဘဲ ဆယ်စုနှစ်ပေါင်းများစွာ ကင်းလွတ်ခွင့်ရနေသလို၊ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ မဖြစ်စလောက် အရေးယူမှုကလည်း အဲဒီရာဇဝတ်မှုတွေ မကျူးလွန်အောင် မတားဆီးနိုင်ဘူးလို့ ဆိုပါတယ်။
အခုလို HRW အဖွဲ့က ထောက်ပြတဲ့အချက်တွေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က တုံ့ပြန်ချက်ကို လတ်တလော မတွေ့ရသေးပါဘူး။