သီပေါမြို့နယ်အတွင်း စစ်ကောင်စီ လေယာဥ် နဲ့ ဆက်တိုက်ဗုံးကြဲ

RFA Burmese
2024.09.18
သီပေါမြို့နယ်အတွင်း စစ်ကောင်စီ လေယာဥ် နဲ့ ဆက်တိုက်ဗုံးကြဲ သီပေါမြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် ထိခိုက်ဒဏ်ရာရသူတစ်ဦး ဆေးဝါးကုသမှု ခံယူနေစဉ်။
Telegram/ PSLF/TNLA News

ရှမ်းပြည်နယ် သီပေါမြို့နယ်အတွင်း စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ လေကြောင်း ဗုံးကြဲတိုက်ခိုက်တဲ့အတွက် အမျိုးသမီးနှစ်ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က စက်တင်ဘာ ၁၈ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။

စက်တင်ဘာ (၁၇) ရက် ညနေ ငါးနာရီခွဲအချိန်က စစ်ကောင်စီတပ်ဟာ စစ်ရေးပစ်မှတ်မဟုတ်တဲ့ ပြည်သူတွေရှိရာ သီပေါမြို့အတွင်းကို လက်နက်ကြီးနဲ့ ဆက်တိုက်ပစ်ခတ်တဲ့အတွက် အုတ်ကျင်းရပ်ကွက်၊ ဘုရားကြီးကျောင်းအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး ကျောင်းဝင်းအတွင်းနေထိုင်တဲ့ အသက် (၆၀) အရွယ် အမျိုးသမီး ဘယ်ဘက်လက် ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး ကားတစ်စီးနဲ့ ကားပေါ်တင်ထားတဲ့ ပစ္စည်းတွေ မီးလောင်ပျက်စီး ခဲ့ရတယ်လို့ ဆိုပါတယ်။

တဆက်တည်းမှာပဲ စစ်ကောင်စီတပ် Y-12 လေယာဥ်နဲ့ ထပ်မံ ဗုံးကြဲတဲ့အတွက် ပန်းတိမ်တောင် (‌‌မြောက်) ရပ်ကွက် ဝက်ဝံစျေးအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး စျေးရောင်းနေတဲ့ အသက် (၁၄) နှစ်အရွယ် အမျိုးသမီး ဗုံးစထိမှန်ခဲ့ပါတယ်။

စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်နဲ့ ဗုံးနှစ်လုံး၊ Y-12 လေယာဥ် နဲ့ ဗုံး အလုံး (၆၀) နီးပါး လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၁၆ ရက်ကလည်း စစ်ကောင်စီဟာ Y-12 လေယာဥ်နဲ့ ဗုံးအလုံး ၅၀ ကျော် ဆက်တိုက်ကြဲချခဲ့လို့ သီပေါမြို့ရဲ့ အနောက်ရပ် ရပ်ကွက်နဲ့ စင်မာလာ ပြည်သူ့ ဥယျာဥ်ထဲ ကျရောက်ပေါက်ကွဲပြီး ဒေသခံတွေ ထိခိုက်သေဆုံးခဲ့တာတွေလည်း ရှိပါတယ်။

"၁၀၂၇ စစ်ဆင်ရေး" ဒုတိယလှိုင်း စတင်ခဲ့တဲ့ ဇွန်လနောက်ဆုံးပတ်ကစလို့ သီပေါမြို့မှာ စစ်ကောင်စီတပ်နဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တို့ တိုက်ပွဲတွေ စတင်ဖြစ်ခဲ့ပြီး သြဂုတ်လ ၁၀ ရက်နေ့မှာ သီပေါတံတားနဲ့ မြို့အတွင်း လုံခြုံရေးယူထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဆုတ်ခွာသွားပြီးနောက် သီပေါမြို့ ဌာနဆိုင်ရာရုံးတွေနဲ့ မြို့ပေါ်နေရာအားလုံးကို TNLA တပ်ဖွဲ့က ထိန်းချုပ်ခဲ့ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး TNLA ပြောရေးဆိုခွင့်ရှိသူကို တယ်လီဖုန်းနဲ့ ဆက်သွယ်ပေမယ့် လက်ခံဖြေကြားတာ ရှိပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။