သီပေါနဲ့ ကွတ်ခိုင်မြို့ ထပ်မံ ဗုံးကြဲတိုက်ခိုက်ခံရ

RFA Burmese
2024.08.07
သီပေါနဲ့ ကွတ်ခိုင်မြို့ ထပ်မံ ဗုံးကြဲတိုက်ခိုက်ခံရ ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့ လေကြောင်းတိုက်ခိုက်ခံရသဖြင့် ပျက်စီးနေသည့် အဆောက်အအုံအချို့ကို ၂၀၂၄ ခုနှစ် ဩဂုတ်လ ၇ ရက်နေ့က တွေ့ရစဉ်။
Citizen Photo

ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါနဲ့ ကွတ်ခိုင်မြို့တို့ကို စစ်ကောင်စီတပ်က ဩဂုတ်လ ၆ ရက်နဲ့ ၇ ရက် နှစ်ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကွတ်ခိုင်မြို့ ရဲစခန်းနဲ့ ဗျူဟာကုန်းနေရာတွေကို ဩဂုတ်လ ၇ ရက် ဒီနေ့ နေ့လယ်ပိုင်းမှာ ဗုံးနှစ်လုံး ကြဲချခဲ့တာဖြစ်ပြီး ထိခိုက်မှုကိုတော့ မသိရသေးဘူးလို့ ကွတ်ခိုင်ဒေသခံတစ်ဦးက ပြောပါတယ်။

“ဒီနေ့လည်း ဗုံးလာကြဲသွားတယ်။ ရဲစခန်းဘက်ကို ဟုတ်တယ်။ စစ်တပ်ဝင်းထဲလည်း ကျတယ်။ လူထိခိုက်မှုတော့ မသိရဘူး။ အဲမှာက လူမှ မနေတော့တာ”

ဩဂုတ်လ ၆ ရက် မနေ့က ညနေပိုင်းမှာတော့ သီပေါမြို့နယ် နောင်ကော်ကြီးရွာအနီးကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ရဟန်းတစ်ပါးနဲ့ အမျိုးသမီးတစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သီးပေါ-နမ့်လန် ကားလမ်းပေါ်မှာရှိတဲ့ နောင်ကော်ကြီးရွာအနီးက စစ်ကောင်စီတပ်စခန်းတွေအနီးမှာ ဩဂုတ်လ ဆန်းပိုင်းကစလို့ စစ်ကောင်စီတပ်နဲ့ ကိုးကန့်တပ်မတော် (MNDAA) တို့ တိုက်ပွဲဖြစ်နေတာပါ။

ဩဂုတ်လ ၅ ရက်နေ့ကလည်း ကွတ်ခိုင်မြို့ပေါ်ကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်လို့ အရပ်သား ခြောက်ဦး သေဆုံးပြီး ဈေးဆိုင်ခန်း လေးရာကျော် မီးလောင်ပျက်စီးခဲ့ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ ရှမ်းပြည်နယ်ပြောခွင့်ရသူ ပြည်နယ်စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

ပြီးခဲ့တဲ့ ဇူလိုင်လအတွင်းမှာလည်း စစ်ကောင်စီတပ်က MNDAA တပ်ဖွဲ့ထိန်းချုပ်ထာတဲ့ သိန္နီမြို့ကို လေကြောင်းကနေ ဗုံးခြောက်ကြိမ် ကြဲခဲ့ချခဲ့တာကြောင့် အရပ်သား ၁၃ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။