ထန်တလန်မြို့နယ်က လုံလဲရ်ကျေးရွာကို စစ်တပ်က လေယာဉ်နဲ့ဗုံးကြဲ
ချင်းပြည်နယ် (မြောက်ပိုင်း) အိန္ဒိယနိုင်ငံနယ်စပ်အနီး ထန်တလန်မြို့နယ်ထဲက အိမ်ခြေ ၁၀၀ ဝန်းကျင်ရှိတဲ့ လုံလဲရ်ကျေးရွာကို စက်တင်ဘာလ ၁၀ ရက် ဒီနေ့နေ့လယ်ပိုင်း စစ်ကောင်စီတပ်က လေယာဉ်တစ်စီးနဲ့ ဗုံးကြဲတိုက်ခိုက်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ချင်းအမျိုးသားတပ်ဦး (CNF) အဖွဲ့က လုံလဲရ်ကျေးရွာမှာရှိတဲ့ စစ်ကောင်စီရဲ့ တပ်စခန်းကို ဒီကနေ့ မနက် ၅ နာရီလောက်မှာ ဝင်ရောက်သိမ်းပိုက်ခဲ့တာကြောင့် စစ်ကောင်စီဘက်က နေ့လယ်ပိုင်းမှာ လေယာဉ်နဲ့ ဗုံးပြန်ကြဲခဲ့တာလို့ ဒေသခံတွေက RFA ကိုပြောပါတယ်။
စစ်ကောင်ဘက်က ဗုံးကြဲမှုကြောင့် CNF အဖွဲ့ဘက်က ဒုတိယဗိုလ်မှူးကြီးတစ်ဦးနဲ့ ရဲဘော်တချို့ ဒဏ်ရာ ရရှိခဲ့သလို လူနေအိမ်တစ်လုံး မီးလောင်သွားပြီး လုံလဲရ်ကျေးရွာက ဒေသခံတွေအားလုံး ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“စစ်တပ်ရဲ့ တပ်စခန်းကို CNF က ဒီနေ့မနက်ဝင်သိမ်းတယ်၊ အဲကနေ နေ့လည်ပိုင်းလောက်မှာ စစ်တပ်က ပြန်ပြီး လေယာဉ်နဲ့ ဗုံးကျဲတာလို့ကြားတယ်၊ CNF ကရဲဘော်တွေထိတယ်၊ ဒုတိယဗိုလ်မှူးကြီးတစ်ဦးလည်း လက်မောင်းမှာထိတယ်၊ တပ်သားတစ်ယောက်လည်း ထိတယ်၊ အိမ်တစ်လုံးလည်း မီးလောင်တယ်၊ ရွာကတော့ တစ်ရွာလုံးထွက်ပြေးကြတယ် တိုက်ပွဲဖြစ်မှာစိုးလို့” လို့ ထန်တလန်မြို့ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
CNF ဘက်က အရာရှိတစ်ဦးနဲ့ တပ်သားအချို့ ဒဏ်ရာရရှိခဲ့တယ်ဆိုတဲ့အပေါ် CNF အနေနဲ့ ထုတ်ပြန်တာ မရှိသေးသလို RFA အနေနဲ့လည်း သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
လေယာဉ်နဲ့ဗုံးကျဲတဲ့ကိစ္စအပေါ် တိတိကျကျသိနိုင်ဖို့ စစ်ကောင်စီရဲ့ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဒီနေ့ညနေပိုင်း ဖုန်းခေါ်ဆိုခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။
ထန်တလန်မြို့ပေါ်မှာလည်း မနေ့ကဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် လူအသွားအလာမရှိဘဲ တိတ်ဆိတ် နေတယ်လို့ မြို့ခံတွေကဆိုပါတယ်။
စက်တင်ဘာ ၉ ရက် မနေ့ကလည်း ထန်တလန်မြို့ထဲမှာ ပစ်ခတ်မှုတွေဖြစ်ခဲ့ပြီး တစ်နှစ်သားအရွယ် ကလေးငယ်တစ်ဦး အပါအဝင် သုံးဦးဒဏ်ရာရရှိခဲ့ပါတယ်။