မြိုင်မြို့နယ်က ဌေးအောင်ရွာ နေအိမ် ၁၀၀ ကျော် မီးရှို့ဖျက်ဆီးခံရ

မကွေးတိုင်း မြိုင်မြို့နယ်က ဌေးအောင်ရွာကို စစ်ကောင်စီတပ်တွေ ဇူလိုင် ၁၂ ရက် မနေ့က ဝင်ရောက်မီးရှို့ခဲ့လို့ လူနေအိမ် ၁၀၀ ကျော် မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်က ရွာကို စီးနင်းပြီး ပြန်အထွက်မှာ မီးရှို့ခဲ့တာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။
"တောင်ရွာသစ်ဘက်က စစ်ကြောင်းက ဒီဘက်ကိုရောက်လာတာ၊ သူတို့ရောက်လာ ကတည်းက ရွာသားတွေက ရှောင်သွားတယ်။ ရွာမှာ တစ်ညအိပ်တယ်။ ဒီမနက် ထွက်တော့ ရွာကို မီးရှို့ခဲ့တာ၊ အိမ်ခြေ တစ်ဝက်လောက်တော့ ပါသွားတယ်"
မီးရှို့ခံရတဲ့ ဌေးအောင်ရွာဟာ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်း နယ်စပ်မှာရှိပြီး အိမ်ခြေ ၁၅၀ ဝန်းကျင်ရှိပါတယ်။ ဒေသခံတွေကတော့ လက်ရှိမှာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင် နေပါတယ်။
ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ စစ်ကောင်စီက တစ်စုံတစ်ရာထုတ်ပြန်ထားတာ မရှိသေးပါဘူး။ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကတော့ သူတို့စစ်ကြောင်းတွေအနေနဲ့ ရပ်ရွာတွေထဲကိုဝင်ရောက်တာမရှိသလို နေအိမ်တွေကိုမီးရှို့တာတွေလည်းမရှိကြောင်း အရင်က တုံ့ပြန်ထားပါတယ်။
ဇူလိုင် ၁၃ ရက် ဒီကနေ့ ညနေပိုင်းမှာလည်း ကျောက်စောင်းရွာအနီးမှာ ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ဌေးအောင်ရွာက ထွက်ခွာလာတဲ့ စစ်ကောင်စီတပ်သားတွေ တိုက်ပွဲဖြစ်ပွားနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်း နယ်စပ်က ရွာတွေဟာ အင်တာနက်တွေ ဖြတ်တောက် ခံထားရပါတယ်။