ကဗျာဆရာ လူဖန်ခါး ထောင်နှစ်နှစ် ထပ်ချခံရ၊ စုစုပေါင်း ၂၈ နှစ်ကျော် ကျခံရဖို့ရှိ

RFA Burmese
2022.12.20
Share on WhatsApp
Share on WhatsApp
ကဗျာဆရာ လူဖန်ခါး ထောင်နှစ်နှစ် ထပ်ချခံရ၊ စုစုပေါင်း ၂၈ နှစ်ကျော် ကျခံရဖို့ရှိ ကဗျာဆရာ လူဖန်ခါး (ခ) ကိုထက်လင်းစိုးအား ၂၀၂၁ ခုနှစ် ဇန်နဝါရီလအတွင်းက တွေ့ရစဉ်။
Citizen Journalist

ဧရာဝတီတိုင်း ပုသိမ်မြို့က အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားသူ ကဗျာဆရာ လူဖန်ခါး (ခ) ကိုထက်လင်းစိုးကို ပုသိမ်ထောင်တွင်း တရားရုံးကနေ ဒီဇင်ဘာ ၁၉ ရက် မနေ့က တပ်တွင်းဆူပူအောင် လှုံ့ဆော်မှု ပုဒ်မ - ၅၀၅ (က )နဲ့ ထောင် နှစ်နှစ် ထပ်ချလိုက်တယ်လို့ ပုသိမ်မြို့ခံတွေက RFA ကို ဒီနေ့ ပြောပါတယ်။

ကဗျာဆရာ လူဖန်ခါး (ခ) ကိုထက်လင်းစိုး ဟာ ၂၀၂၁ ခုနှစ် မတ်လက ပုသိမ်မြို့မှာပဲ ဆိုင်ကယ်နဲ့ အစားအသောက် ထွက်ဝယ်ချိန် ရဲတပ်ဖွဲ့ရဲ့ ဖမ်းဆီးခံခဲ့ရတာပါ။

အဲဒီနောက် တပ်တွင်းဆူပူအောင် လှုံ့ဆော်မှု ပုဒ်မ-၅၀၅ (က)၊ နိုင်ငံတော်သစ္စာဖောက်ဖျက် ပုန်ကန်မှု ပုဒ်မ- ၁၂၂၊ နိုင်ငံတော်ပုန်ကန်မှုကို သတင်းထိန်ချန်ခြင်း ပုဒ်မ-၁၂၄ တို့နဲ့ တရားစွဲခံခဲ့ရပါတယ်။

နိုင်ငံတော်သစ္စာဖောက်ဖျက် ပုန်ကန်မှု ပုဒ်မ- ၁၂၂၊ ပုန်ကန်မှုကို သတင်းထိန်ချန်ခြင်း ပုဒ်မ-၁၂၄ နဲ့ ထောင်စည်းကမ်း မလိုက်နာမှုစွပ်စွဲချက်နဲ့ ပြီးခဲ့တဲ့ နိုဝင်ဘာလထဲမှာ ထောင်ဒဏ် ၂၆ နှစ် ခြောက်လ ချမှတ်ခံထားရပြီး ဖြစ်ပါတယ်။

မနေ့က ပုဒ်မ ၅၀၅ (က) နဲ့ နှစ်နှစ်ထပ်ချလိုက်တကြောင့် စုစုပေါင်း ထောင်ဒဏ် ၂၈ နှစ်ခွဲ ကျခံရဖို့ ရှိနေတယ်လို့ ပုသိမ်မြို့က ကဗျာဆရာ လူဖန်ခါးရဲ့ မိတ်ဆွေတစ်ဦးက RFA ကို ဒီနေ့ ပြောပါတယ်။

“မနေ့က သူနဲ့ တွေ့တော့မှ ထောင်ထပ်ချလိုက်တယ်ဆိုတာ သိရတာ။ ပထမတော့ အမှုတွေမှာ စုစုပေါင်း ၂၅ နှစ်ပဲ ရှိမယ်လို့ ထင်ထားတာ။ တရားရုံးက ထောင်ထပ်ချ လိုက်ပြီး ၂၈ နှစ်နဲ့ ခြောက်လ ဖြစ်သွားတယ်လို့ သိရတာ။ ရှေ့နေလည်း မငှားတော့ဘူး။ ပုဒ်မ ၁၂၂/၁၂၄ တစ်မှုပဲ ရှေ့နေ ငှားထားတာ။ ရှေ့နေငှားလည်း ထောင်ချမှာပဲဆိုတော့ မငှားတော့တာ။ အခုအစွဲခံရတဲ့ ပုဒ်မတွေက အဖမ်းခံရပြီး ထောင်ထဲရောက်မှ ထပ်စွဲခံရတဲ့ ပုဒ်မတွေ။ ထောင်စည်းကမ်း ဖောက်ဖျက်လို့ ထောင်ခြောက်လ ထပ်ချခံလိုက်ရသေးတယ်”

စစ်ကောင်စီဟာ ၂၀၂၁ ခုနှစ် နိုဝင်ဘာလထဲမှာ ဧရာဝတီတိုင်းက NLD လွှတ်တော် ကိုယ်စားလှယ် သုံးဦး အပါအဝင် နိုင်ငံရေး တက်ကြွလှုပ်ရှားသူ ရှစ်ဦးကို နိုင်ငံတော် သစ္စာဖောက်ဖျက်ပုန်ကန်မှု ပုဒ်မ - ၁၂၂၊ အကြည်ညိုပျက်စေမှု ပုဒ်မ - ၁၂၄ (က) တို့နဲ့ ထောင်ဒဏ် အနှစ် ၂၀ စီ ချမှတ်ခဲ့ပါသေးတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ဒီဇင်ဘာ ၁၉ ရက် ထုတ်ပြန်ချက်အရ စစ်တပ်အာဏာသိမ်းထားတဲ့ နှစ်နှစ်နီးပါးအတွင်း နိုင်ငံတစ်ဝန်း ဖမ်းဆီးခံရသူ ၁၃,၀၈၈ ဦး ဖမ်းဆီးခံထားရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။