လူ့အခွင့်အရေးလှုပ်ရှားသူတွေ မြန်မာ့အရေး ဘန်ကောက်မှာ ဆွေးနွေး
2023.02.02
ဘန်ကောက်မြို့ နိုင်ငံတကာသတင်းထောက်များအသင်းမှာ ဖေဖော်ဝါရီလ ၁ ရက်နေ့ ညနေ ၇ နာရီက မြန်မာပြည်ရဲ့လက်ရှိအခြေအနေနဲ့ ပတ်သက်ပြီး ဟောပြောပွဲကျင်းပခဲ့ပါတယ်။
အဲဒီအခမ်းအနားကို HRW လူ့အခွင့်အရေးစောင့်ကြည့်ရေး အဖွဲ့က Manny Maung၊ ချုလာလောင်ကွန် တက္ကသိုလ်က ပါမောက္ခ Thitinan Pongsudhirak၊ မြန်မာ့အရေးလေ့လာသူ Show Ei Ei Tun နဲ့ Janes Defence စာစောင်က Anthony Davis တို့ တက်ရောက်ပြောကြားခဲ့ပါတယ်။
Manny Maung က မြန်မာနိုင်ငံမှာ လက်ရှိစစ်ခေါင်းဆောင်တွေကို အပြီးအပိုင် ဖယ်ရှားဖို့လိုတယ်လို့ အခမ်းအနားအပြီးမှာ RFA ကို ပြောပါတယ်။
"စစ်တပ်က နိုင်လည်းမနိုင်ဘူး အနောက်လည်း မဆုတ်ဘူး။ လူထုတွေကတော့ ထွက်ခိုင်းချင်တယ်။ ဒါပေမဲ့ လူထုတွေရဲ့ အသံကိုလည်း နားမထောင်ဘူး၊ လုံးဝမလေးစားဘူး အခုအချိန်မှာ အဓိက ကတော့ မြန်မာပြည်လူထုတွေပဲ ကြိုးစားပြီးတော့ နိုင်ရမယ်လို့ ထင်ရတယ်။ ဘာဖြစ်လို့လဲဆိုတော့ နိုင်ငံတကာဖိအားကလည်း အားနည်းနေတယ်။ အားနည်းနေတဲ့ကိစ္စတွေကလည်း အများကြီးပဲပေါ့နော်။ သူတို့ပိတ်ဆို့မှုတွေ ဆွေးနွေးမှုတွေလည်း လုပ်တယ်။ အဓိက ကစစ်တပ်ကို ပိုက်ဆံမရနိုင်အောင် မနိုင် နိုင်အောင် အဲ့တာတွေ မလုပ်နိုင်ဘူး ဖြစ်နေတယ်။ အခုအချိန်မှာ ပြောရမယ်ဆိုရင်တော့ မြန်မာလူမျိုးတွေဟာ ကိုယ့်ဟာကိုယ်ပဲ အားကိုးရမယ်။ အချင်းချင်းကိုပဲ အားကိုးရမယ် အခု ကိစ္စ က။"
တစ်ခြားမြန်မာအမျိုးသမီးတစ်ဦးဖြစ်တဲ့ Show Ei Ei Tun ကလည်း အခုအချိန်ဟာ မြန်မာ့သမိုင်းမှာ ဒီမိုကရေစီနိုင်ငံတည်ဆောက်ရေးအတွက် မျှော်လင့်ချက်အများဆုံးရှိတဲ့အချိန်ပါပဲလို့ ပြောပါတယ်။
"ပြီးခဲ့တဲ့ နှစ် ၇၀ မှာ ဆိုလို့ရှိရင် စစ်တပ်ဟာဆိုလို့ရှိရင် ကျမတို့ ပြည်သူတွေကို သတင်းတွေ အမှောင်ချတယ်။ သူတို့စိတ်ဓာတ်စစ်ဆင်ရေးတွေ၊ သွေးခွဲမှုတွေနဲ့ သူတို့ရှိမှပဲ တိုင်းပြည်ဟာ တည်ငြိမ်မယ်ဆိုပြီးတော့ ကျမတို့ကို ပုံသွင်းခဲ့တယ်။ အခုနွေဦးတော်လှန်ရေး နောက်ပိုင်းမှာ ဆိုလို့ရှိရင် သူတို့က ငြိမ်းချမ်းစွာ ဆန္ဒပြတဲ့ပြည်သူတွေ၊ CDM လှုပ်ရှားမှုတွေကို မညှာမတာ အင်အားသုံးပြီး ဖြိုခွင်းပြီးတဲ့နောက်ပိုင်းမှာ တစ်နိုင်ငံလုံးက မျက်ဝါးထင်ထင် မြင်လာတယ်။ မြန်မာစစ်တပ်ဟာ ဆိုလို့ရှိရင် တိုင်းပြည်မှာ ဖြစ်ပျက်သမျှအားလုံးရဲ့ အဓိက ဇစ်မြစ်ဖြစ်တယ်။ ဒီပုံစံအတိုင်းဆိုရင်တော့ မြန်မာစစ်တပ်ဟာဆိုလို့ရှိရင် မြန်မာနိုင်ငံရေးအတွက် အဖြေ မဟုတ်ဘူးဆိုတဲ့ဟာကိုလည်း သူတို့ကမြင်လာကြတယ်။ ပြီးလို့ရှိရင် စစ်တပ်ဟာ ကျမတို့ ပြည်သူလူထုကို ကာကွယ်ဖို့အတွက် မဖြစ်နိုင်တော့ဘူးဆိုတဲ့ဟာကိုလည်း မြင်လာကြတယ်။ ဒါကတော့ ကျမတို့အတွက် ရလဒ်တစ်ခု၊ နောက်တစ်ခုကကျတော့ နွေဦးတော်လှန်ရေးနောက်ပိုင်းမှာ ကျမတို့ မြန်မာနိုင်ငံမှာ တခါမှမမြင်ဖူးတဲ့ ပြည်သူလူထုတွေကြားမှာ စည်းလုံးညီညွတ်မှုကို ကျမတို့ မြင်တွေ့ခဲ့ရတယ်။ လူမျိုးအရသော်လည်းကောင်း၊ ဘာသာရေးအရသော်လည်းကောင်း အသက်အရွယ်အရသော်လည်းကောင်း ကျမတို့ အားလုံးဟာ တစ်စုတစ်စည်းတည်း ဖြစ်လာကြတယ်။ ဒီတစ်စုတစ်စည်းတည်းဖြစ်စေတဲ့ နောက်ထပ်အကြောင်းအချက်ကလည်း စစ်တပ်က ရေးဆွဲခဲ့တဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကြီးကို ကျမတို့က အပြီးတိုင် စွန့်လွှတ်လိုက်မယ်ဆိုတဲ့ဟာလည်း ပါဝင်ပါတယ်။"
ဒါ့အပြင် ဒီအခမ်းအနားမှာ ပါဝင်ဟောပြောသူတွေက မြန်မာပြည်မှာ စစ်တပ်အာဏာ သိမ်းပြီးနောက်ပိုင်း နေရပ်ကစွန့်ခွာထွက်ပြေးနေရသူ တစ်သန်းကျော်ရှိကြောင်း၊ စစ်ကောင်စီက ကျင်းပဖို့ကြိုးစားနေတဲ့ ရွေးကောက်ပွဲကို ယုံကြည်လက်ခံသူ မရှိသလောက်ဖြစ်ကြောင်း၊ အာဆီယံ အပါအဝင် နိုင်ငံတကာ အသိုင်းအဝန်းအနေနဲ့ မြန်မာပြည်ရဲ့ ပြဿနာကို ထိထိရောက်ရောက် ဖြေရှင်းပေးနိုင်ခြင်း မရှိသေးကြောင်း၊ စစ်ကောင်စီအနေနဲ့ ဒီမိုကရေစီအင်အားစုတွေရဲ့ တော်လှန်ဆန့်ကျင်မှုကို အကြီးအကျယ်ကြုံတွေ့နေရပြီဖြစ်ကြောင်းနဲ့ တပြိုင်နက်မှာပဲ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေရဲ့ ထောက်ခံပူးပေါင်းမှုကို တစ်နေ့တစ်ခြားပိုမိုရရှိလာနေကြောင်း စသဖြင့် တင်ပြပြောဆိုခဲ့ကြပါတယ်။