စစ်ကောင်စီကျူးလွန်တဲ့ပြစ်မှုတွေ လူ့အခွင့်ရေးကောင်စီ အစီရင်ခံစာမှာဖော်ပြ

2023.03.03
Share on WhatsApp
Share on WhatsApp
စစ်ကောင်စီကျူးလွန်တဲ့ပြစ်မှုတွေ လူ့အခွင့်ရေးကောင်စီ အစီရင်ခံစာမှာဖော်ပြ စစ်ကောင်စီတပ်ဖွဲ့ဝင်များ မီးရှို့သွားသည့် စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်က ရွာတစ်ရွာကိုတွေ့ရစဉ်။
Photo: AFP

မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် ဖေဖော်၀ါရီလ တစ်ရက် စစ်တပ်ကအာဏာသိမ်းခဲ့ပြီး နှစ်နှစ်ကျော်အကြာ ၂၀၂၃ခုနှစ်၊ ဇန်န၀ါရီလကုန်အထိ အချိန်အတောအတွင်း လူအခွင့်အရေးချိုးဖောက်တာတွေ တိုးပြီးဖြစ်ပေါ်နေတာကြောင့် ချက်ချင်းရပ်တန့်နိုင်အောင် အားလုံးပါဝင်ဆောင်ရွက်ဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေးကော်မရှင်နာရုံးက ထုတ်ပြန်တဲ့ နှစ်ပတ်လည် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

တစ်ဆက်တည်းမှာ လူ့အခွင့်အရေးကော်မရှင်နာ မင်းကြီးကလည်း မြန်မာနိုင်ငံနဲပတ်သက်ပြီး ဆောင်ရွက်သင့်တာတွေကို တင်ပြပါတယ်။

ဒီလူ့အခွင့်အရေး ချိုးဖောက်မှုတွေထဲမှာ လုံခြုံရေးတပ်ဖွဲ့တွေက ကျူးလွန်ခဲ့တာဖြစ်ပြီး ဒီဆောင်ရွက်မှုတွေထဲမှာ အကြမ်းဖက်တိုက်ခိုက်မှု၊ သတ်ဖြတ်မှု၊ ဥပဒေမဲ့ဖမ်းဆီးမှု၊ နှိပ်စက်မှု၊ အဓမ္မရွေ့ပြောင်းမှု၊ အာဏာသိမ်းမှုကို ဆန့်ကျင်သူတွေကို ဖမ်းဆီးအရေးယူမှု စတာတွေကို တွေ့မြင်နေရတယ်လို့ ဆိုပါတယ်။

ဒီအခြေအနေတွေကြောင့် မြန်မာပြည်သူများ ရရှိသင့်တဲ့ အခြေခံလူ့အခွင့်အရေးနဲ့ လွတ်လပ်ခွင့်တွေကို အာမခံချက်ပေးနိုင်ဖို့ အမြန်ဆုံးခိုင်မာတဲ့ အရေးယူဆောင်ရွက်မှု လိုအပ်နေပြီလို့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။

ဒီဆောင်ရွက်မှုတွေကို ဖော်ဆောင်ဖို့ စစ်ကောင်စီ၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ အပြည်ပြည်ဆိုင်ရာကပါ ၀ိုင်း၀န်းအကောင်အထည် ဖော်ရမှာဖြစ်တယ်လို့ အစီရင်ခံစာက ဆိုပါတယ်။

000_92K2ZD.jpg
စစ်အာဏာသိမ်း အစောပိုင်းကာလက မန္တလေးမြို့မှာ ဆန္ဒပြနေသည့် အရပ်သားတစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရိုက်နှက်ဖမ်းဆီးခေါ်ဆောင်သွားစဉ်။ (Photo: AFP)

ဒီအစီရင်ခံစာကို လူ့အခွင့်အရေးကော်မရှင်ဟာ လူ့အခွင့်အရေးချိုးဖောက်ခံရသူတွေအပါအ၀င် လွတ်မြောက်လာသူတွေနဲ့ တွေဆုံမေးမြန်းမှုအနည်းဆုံး ၉၆ ကြိမ်လောက် ပြုလုပ်ခဲ့သလို၊ ဂြိုလ်တုကရိုက်ကူးထားတဲ့ ဓါတ်ပုံတွေ၊ ယုံကြည်ရတဲ့ အဖွဲ့အစည်းတွေထံက သတင်းအချက်အလက်ဖလှယ်ပြီး ရယူခဲ့တာဖြစ်ပါတယ်။

မြန်မာနိုင်ငံက အကြမ်းဖက်မှုတွေဟာ အာဏာသိမ်းပြီး ၂၀၂၁ ခုနှစ်နှောင်းပိုင်းမှာ စတင်ခဲ့တာဖြစ်ပြီး နိုင်ငံအနောက်မြောက်ဘက်နဲ့ အရှေ့တောင်ဘက်ပိုင်းတွေမှာ အများဆုံးဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။

စစ်ကောင်စီတပ်တွေဟာ ဖြတ်လေးဖြတ်စနစ်ကို အသုံးပြုခဲ့သလို လက်နက်ကြီးအပြင် လေကြောင်းကတိုက်ခိုက်မှုတွေနဲ့ ဒေသခံပြည်သူတွေကို အဓမ္မနေအိမ်တွေကနေ စွန့်ခွာစေသလို၊ ရပ်ရွာတွေကို မီးလောင်တိုက် သွင်းတိုက်ခိုက်ခဲ့ပြီး၊ အကူအညီတွေ မရရှိအောင် ဆောင်ရွက်ခဲ့တယ်လို့ ဆိုပါတယ်။

000_9B86N9.jpg
ကယားပြည်နယ်အတွင်း စစ်ကောင်စီ၏ လေကြောင်းသုံးတိုက်ခိုက်မှုများကြောင့် ထွက်ပြေးနေရသည့် ဒေသခံရွာသားများကို တွေ့ရစဉ်။ (Photo: Citizen Journalist)

အစီရင်ခံစာမှာ ကောက်ယူထားတဲ့ မှတ်တမ်းတွေအရ ၂၀၂၁ ခုနှစ် ဖေဖော်၀ါရီလ တစ်ရက်နေ့ကနေ ၂၀၂၃ ခုနှစ် ဇန်န၀ါရီ ၃၁ ရက်အတွင်း စစ်ကောင်စီတပ်နဲ့ အပေါင်းပါအဖွဲ့တွေရဲ့ သတ်ဖြတ်မှုကြောင့် သေဆုံးရသူ ၂၉၄၀၊ အဖမ်းခံရသူက ၁၇၅၀၀ ကျော်ပါတယ်။ တစ်နိုင်ငံလုံးက မြို့နယ်ပေါင်း ၃၃၀ မှာ တိုက်ခိုက်မှုပေါင်းက ၂၅၅ ကြိမ်အထိ ရှိခဲ့တယ်လိုလည်း ဖော်ပြထားပါတယ်။

တစ်ဆက်တည်း လေကြောင်းကတိုက်ခိုက်မှု၊ လက်နက်ကြီးနဲ့ပစ်ခတ်မှု၊ ရွာကိုမီးရှို့မှုနဲ့ ဖမ်းဆီးမှုတွေမှာလည်း ၂၀၂၁ ခုနှစ်ထက် ၂၀၂၂ ခုနှစ်မှာ အကြိမ်အရေအတွက်တွေ တက်လာတယ်လို့ မြေပုံများအပြင် ဇယားတွေနဲ့ပါ ဖော်ပြထားပါတယ်။

အစီရင်ခံစာရဲ့ နိဂုံးမှာတော့ မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ အကြမ်းဖက်မှုတွေရပ်ဖို့၊ စစ်ကောင်စီရဲ့ စစ်ဆင်ရေးတွေ ချက်ချင်းရပ်ဖို့ ဖမ်းဆီးထားသူတွေကို ပြန်လွှတ်ပေးဖို့အပြင် နေရပ်စွန့်ခွာ ထွက်ပြေးနေရသူ ဒုက္ခသည်တွေကို အကူအညီတွေ အရောက်ပေးပို့နိုင်ဖို့ တင်ပြထားပါတယ်။

တစ်ဆက်တည်း မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး လူ့အခွင့်အရေးကော်မရှင်နာမင်းကြီးက အကြံပြုချက် ခုနစ်ချက်ကို တင်ပြရာမှာ လုံခြုံရေးကောင်စီအနေနဲ့ မြန်မာနိုင်ငံက လက်ရှိအခြေအနေ အပြည့်အစုံကို နိုင်ငံတကာရာဇ၀တ်ခုံရုံးမှာ တင်သွင်းရေးအတွက် အဆင့်ဆင့်လုပ်ဆောင်ဖို့ လက်ရှိစုံစမ်းစစ်ဆေးနေတဲ့ ကန့်သတ်မှုပါတဲ့ နိုင်ငံကျော်ဖြတ် စုံစမ်းစစ်ဆေးမှုတွေကိုပါ ခုံရုံးကိုတင်သွင်းဖို့ အကြံပြုထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။