မန္တလေးမြို့က တရုတ်လူကုန်ကူးဂိုဏ်းကို စစ်ကောင်စီ ဖမ်းဆီး
2024.11.02
မန္တလေးမြို့မှာ တရုတ်ဇနီးမယားအဖြစ် လူကုန်ကူးနေတဲ့ တရုတ်နိုင်ငံသား သုံးဦးနဲ့ မြန်မာနိုင်ငံသား သုံးဦးပါဝင်တဲ့ လူကုန်ကူးဂိုဏ်းကို ဖမ်းဆီးထားတယ်လို့ စစ်ကောင်စီက နိုဝင်ဘာလ ၂ ရက် ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
အောက်တိုဘာလ ၂၄ ရက်နေ့က မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်ကနေတစ်ဆင့် ထိုင်းနိုင်ငံ Suvarnabhumi လေဆိပ်ကို MAI လေကြောင်းလိုင်းကနေ သွားမဲ့ တရုတ်နိုင်ငံသား GAO FENGYING (ကောင်းဖိန်းရင်) နဲ့ တရုတ်မယားအဖြစ် စေလွှတ်မဲ့ မြန်မာအမျိုးသမီး သုံးဦးကို စစ်ဆေးရာကနေ ဖမ်ဆီးခဲ့တာလို့ ဆိုပါတယ်။
အဲဒီအမျိုးသမီးသုံးဦးကို ဆက်လက်စစ်ဆေးရာကနေ ပြည်ကြီးတံခွန်မြို့နယ်က နေအိမ်တစ်ခုမှာ တရုတ်ဇနီးမယားအဖြစ် စေလွှတ်မဲ့ နောက်ထပ်အမျိုးသမီး ၁၁ ဦးကို ထပ်မံတွေ့ရှိခဲ့ပြီး ကယ်တင်နိုင်ခဲ့တယ်လို့လည်း စစ်ကောင်စီက ပြောပါတယ်။
ဒီလူကုန်ကူးတဲ့ ဂိုဏ်းတွေဟာ လူမှုကွန်ရက်တွေဖြစ်တဲ့ Facebook နဲ့ TikTok ကတစ်ဆင့် ဆက်သွယ်စည်းရုံးနေတယ်လို့လည်း စစ်ကောင်စီထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
မြန်မာအမျိုးသမီးတွေကို တရုတ်အမျိုးသားတွေနဲ့ လက်ထပ်ဖို့ ဂိုဏ်းဖွဲ့ပြီး လူကုန်ကူးသူ ဒေါ်နန်းဆိုင်ခမ်း(ခေါ်) မားမား၊ ချစ်ထူး၊ မဖြိုးဖြိုးဝေ၊ တရုတ်နိုင်ငံသားတွေဖြစ်တဲ့ GAO FENGYING (ကောင်းဖိန်းရင်)၊ LIN JIAN နဲ့ သူ့ရဲ့မိခင်ဖြစ်သူ LI MANFEN တို့ခြောက်ဦးကို ဖမ်းဆီးရမိခဲ့ပြီး မမေထက်နိုင်ဦး(ခေါ်) မထက် နဲ့ မဇင်သူခိုင်တို့ နှစ်ဦးကတော့ ထွက်ပြေးနေတယ်လို့ ဆိုပါတယ်။
မန္တလေးမြို့မှာ တရုတ်မယားအဖြစ် လူကုန်ကူးခံရမှုတွေအပြင် ပြည့်တန်ဆာအဖြစ် လူကုန်ကူးခံရသူတွေပါ ရှိနေတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မန္တလေးမြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။
“တရုတ်ပြည်ဘက်ကိုသွားကြတာ။ အလုပ်ဆို သူတို့က အလုပ်ရမယ်ပဲ တွက်တာ။ ဘာရယ်လို့ မသိဘူး။ အဲဒါက တစ်မျိုး ရှိတယ်။ အဲဒါကြတော့ မိန်းမအဖြစ် ပေါင်းသင်းဆက်ဆံကြတာ။ တချို့မိန်းခလေးတွေကျတော့ အဲဒီလို မဟုတ်ဘူး။ ဟိုမှာ အရောင်းစားခံရပြီးမှ မကောင်းတဲ့ ပြည့်တန်ဆာဖြစ်သွားတာ။ ပြန်ခွင့်လည်း မရှိဘူး။ အလုပ်ခန်းထဲမှာ ပိတ်လှောင်ခံရသူတွေလည်းရှိတယ်"
အရင်က တရုတ်မယားအဖြစ် လူကုန်ကူးခံရသူတွေကို မြန်မာနိုင်ငံကနေ တရုတ်နိုင်ငံကို နယ်စပ်ဂိတ်တွေက တစ်ဆင့် ခေါ်ဆောင်ပေမဲ့ လက်ရှိမှာတော့ ထိုင်းနိုင်ငံကို လေကြောင်းလိုင်းကနေတစ်ဆင့် ပို့ဆောင်ပြီး တရုတ်ဘက်ကို လူကုန်ကူးနေတာလို့ စစ်ကောင်စီက ပြောပါတယ်။
မြန်မာအမျိုးသမီးတွေကို ဂိုဏ်းဖွဲ့ပြီး တရုတ်မယားအဖြစ် လူကုန်ကူးနေတဲ့ တရုတ်နိုင်ငံသား သုံးဦးအပါအဝင် လူ ရှစ်ဦးကို လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ဥပဒေပုဒ်မ ၃၈ (က)/၄၄၊ (ပ) ၂၃/၂၀၂၄၊(ပ) ၂၆၀/၂၀၂၄၊ (ပ) ၂၆၁/၂၀၂၄ စတဲ့ ပုဒ်မတွေနဲ့ တံတားဦးမြို့နယ် လေဆိပ်နယ်မြေရဲစခန်းနဲ့ ပြည်ကြီးတံခွန်းမြို့မ ရဲစခန်းတွေမှာ အမှုဖွင့်ထားတယ်လို့ စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ သတင်းစာတွေမှာ ဖော်ပြပါတယ်။