မြန်မာနိုင်ငံမှာ လူသားချင်းစာနာမှုအခြေအနေ ပိုဆိုးလာကြောင်း အမေရိကန်ပြော
2023.08.25
မြန်မာနိုင်ငံအနှံ့မှာ အကြမ်းဖက်မှုတွေမြင့်တက်လာတာကြောင့် အထူးသဖြင့် ရိုဟင်ဂျာ အပါအဝင် လူနည်းစုဖြစ်တဲ့ တိုင်းရင်းသားလူမျိုးစုတွေမှာ လူသားချင်းစာနာမှုအခြေအနေ ပိုဆိုးရွားလာတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ဩဂုတ် ၂၄ ရက်နေ့က သတင်းထုတ်ပြန်ပါတယ်။
ဩဂုတ် ၂၅ ရက် ဒီနေ့မှာကျရောက်တဲ့ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှု ခြောက်နှစ်ပြည့် နှစ်ပတ်လည်နေ့အတွက် သတင်းထုတ်ပြန်ချက်မှာ အခုလိုဖော်ပြတာပါ။
မြန်မာစစ်တပ်က ရိုဟင်ဂျာတွေအပေါ် ကျူးလွန်တဲ့ရက်စက်မှုတွေမှာ သားကောင်ဖြစ်ခဲ့ရသူတွေနဲ့ အသက်ရှင်ကျန်ရစ်သူတွေဘက်က ရပ်တည်ပြီး တရားမျှတမှုနဲ့ တာဝန်ယူ၊ တာဝန်ခံမှုရှိစေဖို့ ထပ်လောင်းကတိပြုတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ရိုဟင်ဂျာတစ်သန်းနီးပါးကို ခိုလှုံခွင့်ပေးနေတဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ ပြည်သူတွေသာမက ဒေသတွင်း ရိုဟင်ဂျာဒုက္ခသည်တွေကို လက်ခံပေးထားတဲ့ တခြားနိုင်ငံတွေကိုလည်း အထူးကျေးဇူးတင်တယ်လို့ ဆိုပါတယ်။
၂၀၁၇ ခုနှစ်ကတည်းက ရိုဟင်ဂျာဒုက္ခသည်တွေအတွက် အမေရိကန်အစိုးရက ဒေါ်လာ ၂ ဒသမ ၁ ဘီလီယံကျော် ထောက်ပံ့ကူညီပေးထားပြီးဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
၂၀၁၇ ခုနှစ်၊ သြဂုတ် ၂၅ ရက်နေ့က မြန်မာစစ်တပ်ဟာ ရခိုင်ပြည်နယ်မှာ ရက်စက်တဲ့ စစ်ဆင်ရေးကို စတင်ခဲ့တာကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ရိုဟင်ဂျာတစ်သန်းနီးပါး ထွက်ပြေးခဲ့ရတာပါ။
ဂမ်ဘီယာနိုင်ငံက မြန်မာစစ်တပ်အပေါ် စွဲဆိုထားတဲ့ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံး သတ်ဖြတ်မှု စွပ်စွဲချက်နဲ့ပတ်သက်ပြီး သြဂုတ်လ ၂၅ ရက် ဒီနေ့မှာ မြန်မာစစ်ကောင်စီက သူတို့ရဲ့ ပြန်လှန်လျှောက်ထားချက်ကို The Hague မြို့က အပြည်ပြည်ဆိုင်ရာတရားရုံး ICJ ကို တင်သွင်းဖို့ သတ်မှတ်ထားပါတယ်။