လူ့အခွင့်အရေးတိုင်ကြားမှု အများအပြား လက်ခံ ရထားကြောင်း ကော်မရှင် အကြီးအကဲ ပြောကြား
2011.10.10
RFA
"ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေထဲမှာ ပြဋ္ဌာန်းထားတဲ့ လူ့အခွင့်အရေးတွေနဲ့ ပတ်သက်ပြီးတော့ ချိုးဖောက်ခြင်းခံရတဲ့ အမှုများ အားလုံးပဲ ဖြစ်ပါတယ်။ အဲဒီတော့ တော်တော်လေးတော့ ကျယ်ပြန့်တာပေါ့နော်။ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ အားလုံး သက်ဆိုင်တာပေါ့။ ရုံးကို တိုင်နိုင်တယ် ဆိုတဲ့ အကြောင်းပေါ့။ လူကိုယ်တိုင်လည်း လာပြီး တိုင်နိုင်တယ်။"
မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ကို သံအမတ်ကြီးဟောင်းတွေ၊ နယ်ပယ် အသီးသီးက ကျွမ်းကျင်သူ အငြိမ်းစား အစိုးရ အရာရှိ စုစုပေါင်း ၁၅ ဦးနဲ့ ပြီးခဲ့တဲ့ စက်တင်ဘာလ အတွင်း ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။
HRDP လူ့အခွင့်အရေး ကာကွယ်မြင့်တင်သူများ ကွန်ရက် ခေါင်းဆောင် ဦးမောင်မောင်လေး ကတော့ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် အနေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံမှာ ပြဋ္ဌာန်း မထားတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကိုပါ တာဝန်ယူ ဖြေရှင်းဖို့ လိုအပ်ကြောင်း၊ တိုင်တန်းသူတွေ ကိုလည်း အကာအကွယ်ပေးဖို့ လိုအပ်ကြောင်း ပြောပါတယ်။
"ဖွဲ့စည်းပုံအခြေခံဥပဒေပါ နိုင်ငံသားများရဲ့ ရပိုင်ခွင့်များနဲ့ ပတ်သက်တဲ့ ကိစ္စရပ်တွေကိုသာ သူတို့ ကော်မရှင်မှာ တင်ပြနိုင်တဲ့ အခြေအနေတရပ် ရှိတယ်။ လူ့အခွင့်အရေးဆိုတာက အဲဒီလောက်နဲ့ ချုပ်စည်းထားလို့ ရတဲ့ဟာ မဟုတ်ဘူး။ လူ့အခွင့်အရေးဆိုတာက အင်မတန် ကျယ်ပြန့်ပါတယ်။ အဲဒီတော့ ဗမာပြည်မှာက လူ့အခွင့်အရေးချိုးဖောက်မှုဆိုတာက ပုံစံမျိုးစုံနဲ့ နေရာတကာမှာ ရှိနေတဲ့အခါကျတော့ ဒီကိစ္စတွေနဲ့မှ မပတ်သက်ဘူးဆိုရင် သူတို့ဆီမှာ တိုင်လို့ မရတဲ့ အနေအထား တချက် ဖြစ်နေပါတယ်။"
အမျိုးသား လူ့အခွင့်ရေး ကော်မရှင်ကို အမှတ် ၂၇၊ ပြည်လမ်းမှာ ရုံးခန်း ဖွင့်လှစ်ထားပြီး၊ တဦးချင်း လူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေ အပြင် အစိုးရ ဌာနဆိုင်ရာ အသီးသီးနဲ့ ပတ်သက်တဲ့ ချိုးဖောက်ခံရမှုတွေနဲ့ပတ်သက်လို့ လူကိုယ်တိုင် ဖြစ်စေ၊ စာနဲ့ဖြစ်စေ ဆက်သွယ် တိုင်တန်းချက်တွေကို လက်ခံ ဖြေရှင်းပေးမှာ ဖြစ်တယ်လို့ သိရပါတယ်။