စီပါရွာလူသတ်မှု ICC အရေးယူဖို့ Fortify Rights အဖွဲ့တောင်းဆို

RFA Burmese
2025.02.04
စီပါရွာလူသတ်မှု ICC အရေးယူဖို့ Fortify Rights အဖွဲ့တောင်းဆို စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ် စီပါရွာကို စစ်ကောင်စီတပ်စစ်ကြောင်းမှ ဝင်ရောက်မီးရှို့ခဲ့သဖြင့် ပျက်စီးသွားသည့် အဆောက်အအုံအချို့အား ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၁၉ ရက်နေ့က တွေ့ရစဉ်။
Citizen Photo

စစ်ကိုင်းတိုင်း ဘုတလင်မြို့နယ်၊ စီပါရွာမှာ စစ်ကောင်စီတပ်သားတွေ ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေကို နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC) ထံ လွှဲပြောင်းပြီး စုံစမ်းစစ်ဆေးအရေးယူဖို့ အရှေ့တောင်အာရှအခြေစိုက် လူ့အခွင့်အရေးအဖွဲ့တစ်ခုဖြစ်တဲ့ Fortify Rights အဖွဲ့က ICC အဖွဲ့ဝင်နိုင်ငံတွေကို တောင်းဆိုလိုက်ပါတယ်။

၂၀၂၄ ခုနှစ် အောက်တိုဘာ ၁၇ ရက်က စီပါရွာခံ အရပ်သား ခြောက်ဦးကို စစ်ကောင်စီတပ်သားတွေက စိတ်ဓာတ်စစ်ဆင်ရေးတစ်ရပ်အနေနဲ့ ရည်ရွယ်ချက်ရှိရှိ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့ပုံရတယ်လို့ Fortify Rights အဖွဲ့ရဲ့ ဖေဖော်ဝါရီ ၄ရက်နေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ အသတ်ခံရသူတွေက အသက် ၈၀ ဝန်းကျင် ဦးတင်လှိုင်၊ အသက် ၄၂ နှစ်အရွယ် ဦးသက်အောင်၊ ၅၇ နှစ်အရွယ် ဦးကျောင်းပို၊ အသက် ၅၀ ဝန်းကျင်တွေဖြစ်တဲ့ ဦးရာစိန်နဲ့ ဦးဌေးလွင်တို့ဖြစ်ကြပြီး စီပါရွာခံတွေ ကိုယ်တိုင် အတည်မပြုနိုင်သေးတဲ့ တခြားရုပ်အလောင်းတစ်လောင်းကို တွေ့ခဲ့ကြတယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

Fortify Rights အဖွဲ့ရဲ့ လူ့အခွင့်အရေးဆိုင်ရာ စုံစမ်းစစ်ဆေးရေးတာဝန်ခံတစ်ဦးဖြစ်တဲ့ ကိုစိုင်းအာကာက "ICC အဖွဲ့ဝင်နိုင်ငံတွေက မြန်မာနိုင်ငံမှာ နေ့တိုင်းနီးပါးဖြစ်နေတဲ့ ရက်စက်ကြမ်းကြုတ်တဲ့ ရာဇဝတ်မှုတွေကို အဆုံးသတ်ဖို့ ချက်ချင်း အရေးယူဆောင်ရွက်သင့်ပါတယ်" လို့ ထုတ်ပြန်ချက်မှာ ထည့်သွင်းတိုက်တွန်းထားပါတယ်။

သတ်ဖြတ်ခံလိုက်ရတဲ့ စီပါရွာသားတွေရဲ့ မီးလောင်ထားတဲ့ရုပ်အလောင်းတွေနဲ့ ခန္ဓာကိုယ်အစိတ်အပိုင်း ဖြတ်တောက်ခံထားရတဲ့ ဓာတ်ပုံတွေကို Fortify Rights က ရရှိထားတယ်လို့ ဆိုပါတယ်။

ဒီရာဇဝတ်မှုတွေ မကျူးလွန်ခင် ၂၀၂၄ ခုနှစ် စက်တင်ဘာ ၃၀ ရက်နေ့မှာ စစ်ကိုင်းတိုင်းက အနောက်မြောက်တိုင်းစစ်ဌာနချုပ်အနီးမှာ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေ တိုက်ခိုက်ခံခဲ့ရတဲ့အပေါ် တုံ့ပြန်တဲ့အနေနဲ့ စစ်ဆင်ရေး စတော့မယ့်အကြောင်း စစ်ကောင်စီတပ်တွေက သတိပေးကြုံးဝါးခဲ့တယ်လို့ စီပါရွာခံတွေက Fortify Rights ကို ပြောထားပါတယ်။

ကိုယ်လက်အင်္ဂါတွေကို ဖြတ်တောက်တာ၊ အရပ်သားတွေ ကြောက်စိတ်ဝင်အောင် ပြသတာ၊ ကြောက်စိတ်‌တွေသွင်းပေးပြီး အတင်းအကျပ် နေရပ်ကနေမောင်းထုတ်တာ၊ မခုခံ မတော်လှန်ရဲအောင် လုပ်တာတွေဟာ နိုင်ငံတကာစစ်ဥပဒေအရ စစ်ရာဇဝတ်မှုမြောက်တယ်လို့လည်း Fortify Rights က ဆိုပါတယ်။ ဒီလိုထိတ်လန့်ကြောက်လန့်ဖွယ်ရာ စစ်နည်းဗျူဟာတွေကို စစ်ကောင်စီတပ်က ကျူးလွန်တာ ဒါပထမဆုံးအကြိမ်မဟုတ်ကြောင်း ၂၀၂၃ ခုနှစ်ကလည်း ပုလဲမြို့နယ်က တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ယောက်နဲ့ အရပ်သားတစ်ယောက်ကို စစ်ကောင်စီတပ်သားတွေ ခေါင်းဖြတ်သတ်ခဲ့တဲ့ မှတ်တမ်းဓာတ်ပုံတွေကို Fortify Rights အဖွဲ့ ရရှိထားတယ်လို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။

ဒီအခြေအနေတွေကို စုံစမ်းစစ်ဆေးပြီး တရားစွဲဆိုအရေးယူနိုင်အောင် ICC ထံ လွှဲပြောင်းတာဟာ တရားမဲ့မှုကနေ တာဝန်ယူမှု တာဝန်ခံမှုကို ပြောင်းလဲပေးနိုင်တယ်လို့ Fortify Rights က ဆိုပါတယ်။

ICC အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ မြန်မာနိုင်ငံအခြေအနေကို ICC အစိုးရရှေ့နေဆီ ချက်ချင်းလွှဲပြောင်းပြီး ၂ဝ၂၁ စစ်တပ်အာဏာသိမ်းလိုက်တဲ့နောက်ပိုင်း အရပ်သားတွေအပေါ် ကျူးလွန်ခဲ့တဲ့ နိုင်ငံတကာရာဇဝတ်မှုတွေအတွက် စစ်ကောင်စီကို အရေးယူသင့်တယ်လို့လည်း Fortify Rights ကတိုက်တွန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။