စစ်ခေါင်းဆောင် ICC အမှု တရားမျှတမှု ပိုကောင်းလာနိုင်ကြောင်း ကုလအထူးကိုယ်စားလှယ်ပြော
2024.12.17

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ဖို့ လျှောက်ထားတဲ့ ICC ရှေ့နေချုပ်ရဲ့ ဆုံးဖြတ်ချက်ဟာ တရားမျှတမှုအတွက် အရှိန်အဟုန်တစ်ခုကို တည်ဆောက်နိုင်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ တွမ် အင်ဒရူးကပြောကြောင်း ကုလသမဂ္ဂက ဒီဇင်ဘာ ၁၆ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။
ရိုဟင်ဂျာတွေအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေအတွက် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ဖို့ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံး (ICC) ရဲ့ ရှေ့နေချုပ် ကာရင် အာဆက် အာမက် ခန် (Karim AA Khan) က ICC တရားရုံးကို နိုဝင်ဘာ ၂၇ ရက်နေ့က လျှောက်ထားခဲ့တာပါ။
ဒါဟာ ကာလရှည် စောင့်ဆိုင်းခဲ့ရတဲ့ ရိုဟင်ဂျာတွေအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေအတွက် အရေးပါတဲ့ ခြေလှမ်းတစ်ရပ် ဖြစ်တယ်လို့လည်း မစ္စတာ တွမ် အင်ဒရူးက ထုတ်ပြန်ချက်ထဲမှာ ပြောထားပါတယ်။
နိုင်ငံတကာ အစိုးရတွေအနေနဲ့လည်း မြန်မာ့အရေးနဲ့ပတ်သက်ပြီး ကမ္ဘာလုံးဆိုင်ရာ တရားစီရင်မှုအပေါ် ပံ့ပိုးကူညီကြဖို့ မစ္စတာ တွမ် အင်ဒရူးက ထပ်မံတောင်းဆိုပါတယ်။
စစ်ခေါင်းဆောင်ကို ဖမ်းဝရမ်းထုတ်ဖို့ ICC ရှေ့နေချုပ်ရဲ့ လျှောက်ထားမှုနဲ့ပတ်သက်ပြီး စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေတဲ့ နိုင်ငံတွေအနေနဲ့ သူတိုရဲ့ဆက်ဆံရေးကို ပြန်ပြီးဆန်းစစ်သင့်တယ်လို့ မစ္စတာ တွမ် အင်ဒရူးက ပြောပါတယ်။
ဒီပြောဆိုမှုတွေနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က တစ်စုံတစ်ရာ တုံ့ပြန်လာတာ မတွေ့ရသေးပါဘူး။
၂ဝ၁၆ နဲ့ ၂ဝ၁၇ ခုနှစ်အတွင်း ဖြစ်ခဲ့တဲ့ ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေအပေါ် အကြမ်းဖက်မှုတွေနဲ့ပတ်သက်ပြီး ICC က ၂ဝ၁၉ ခုနှစ် နိုဝင်ဘာ ၁၄ ရက်နေ့မှာ စတင်စုံစမ်းစစ်ဆေးခဲ့တာ ဖြစ်ပါတယ်။