ICJ ကို စစ်ကောင်စီထုချေလွှာတင်ရေး သုံးလရွှေ့ဆိုင်း

RFA Burmese
2023.05.23
ICJ ကို စစ်ကောင်စီထုချေလွှာတင်ရေး သုံးလရွှေ့ဆိုင်း ဝန်ကြီး ဦးကိုကိုလှိုင်နှင့် ရှေ့နေချုပ် ဒေါက်တာ သီတာဦးတို့ကို ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၂၂ ရက်နေ့က ICJ တရားရုံးမှာ တွေ့ရစဉ်။
ICJ

ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုစွပ်စွဲချက်အတွက် စစ်ကောင်စီဘက်က ထုချေလွှာတင်သွင်းရမယ့်နေ့ကို နိုင်ငံတကာတရားရုံး (ICJ) က နောက်ထပ်သုံးလ ရွှေ့ဆိုင်းလိုက်ပါတယ်။

ကနဦး ၂၀၂၃ ခုနှစ်၊ မေလ ၂၄ ရက်နေ့မှာ စစ်ကောင်စီဘက်က ထုချေလွှာအဆိုတင်သွင်းဖို့ ဆုံးဖြတ်ထားရာက ဩဂုတ်လ ၂၄ ရက်နေ့ကို ရွှေ့ဆိုင်းကြောင်း ICJ က မေလ ၁၂ ရက်နေ့မှာ တွစ်တာကတစ်ဆင့် ဖော်ပြခဲ့တာပါ။

အခုလိုထပ်မံရွှေ့ဆိုင်းပေးဖို့ စစ်ကောင်စီဘက်က ICJ ကိုပန်ကြားခဲ့တာရှိ၊ မရှိ စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ ဆက်သွယ် မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုတာမရှိပါဘူး။

စစ်တပ်အရာရှိဟောင်းတွေနဲ့ စုဖွဲ့ထားတဲ့ သေနင်္ဂမဟာဗျုဟာလေ့လာရေးအဖွဲ့က အမှုဆောင်ညွှန်ကြားရေးမှူး ဦးသိန်းထွန်းဦးကတော့ ICJ က နောက်ထပ်အချိန် သုံးလထပ်ပေးတာက မလုံလောက်ဘူးလို့ RFA ကို ပြောပါတယ်။

"၁၀ လနဲ့သုံးလ အချိုးကျကြည့်ရင်တော့ ဖြစ်နိုင်ခြေကတော့ လိုအပ်တဲ့ အချက်အလက်အတွက် သုံးပုံတစ်ပုံလောက်ပဲ အချိန်ရမယ်ဆိုတဲ့သဘော ဖြစ်နေတာပေါ့"

ဒီအမှုအတွက် ထုချေလွှာတင်သွင်းမယ့်ရက်ကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက်နေ့အထိ ၁၀ လ ရွှေ့ဆိုင်းပေးဖို့ စစ်ကောင်စီဘက်က ၂၀၂၃ ခုနှစ်၊ မတ်လ ၁၄ ရက်နေ့မှာ ပန်ကြားခဲ့ ပေမယ့် ICJ က မေလ ၂၄ ရက်နေ့အထိ အချိန်တစ်လတိုးပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ အခု ဒုတိယအကြိမ်အနေနဲ့ နောက်ထပ် သုံးလ ထပ်မံရွှေ့ဆိုင်းခဲ့တာပါ။

ရိုဟင်ဂျာအရေးနဲ့ပတ်သက်ပြီး ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို ICJ မှာ ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလက စတင်တရားစွဲဆိုခဲ့တာပါ။

ဒီအမှုအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီအစိုးရလက်ထက်မှာ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ICJ တရားရုံးမှာ သွားရောက်ဖြေရှင်းခဲ့သလို အာဏာသိမ်းပြီးတော့လည်း ဦးကိုကိုလှိုင် ဦးဆောင်တဲ့ စစ်ကောင်စီကိုယ်စားလှယ်အဖွဲ့က ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလမှာတစ်ကြိမ် ဖြေရှင်းခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။