မြန်မာကို ICJ မှာ တရားစွဲထားတဲ့အမှု၊ ပြင်သစ်၊ ဗြိတိန်နဲ့ တခြားနိုင်ငံတွေကို ပါဝင်ခွင့်ပြု

RFA Burmese
2024.07.03
မြန်မာကို ICJ မှာ တရားစွဲထားတဲ့အမှု၊ ပြင်သစ်၊ ဗြိတိန်နဲ့ တခြားနိုင်ငံတွေကို ပါဝင်ခွင့်ပြု ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့မှ ရိုဟင်ဂျာများအား ၂၀၁၇ ခုနှစ်၊ ဇူလိုင်လအတွင်းက တွေ့ရစဥ်။
Photo: RFA

ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို ရိုဟင်ဂျာလူမျိုးတုံး သတ်ဖြတ်မှုနဲ့ပတ်သက်လို့ ICJ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံးမှာ တင်ထားတဲ့အမှုအတွက် ကနေဒါ၊ ဒိန်းမတ်၊ ပြင်သစ်၊ ဂျာမဏီ၊ နယ်သာလန်၊ ဗြိတိန်နဲ့ မော်လဒိုက်နိုင်ငံတွေကို ပါဝင်ခွင့်ပြုတယ်လို့ ICJ ရုံးက မနေ့က ဗုဒ္ဓဟူးနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

အခုလို ပါဝင်ပတ်သက်ခွင့်ကို အဲဒီခုနစ်နိုင်ငံက တင်ပြထားတာလို့ဆိုပါတယ်။

ဒီခုနစ်နိုင်ငံရဲ့ စိုးရိမ်ချက်တွေအတွက် သူတို့ရဲ့လေ့လာတွေ့ရှိချက်တွေကို စာနဲ့တင်ပြခွင့်ပြုလိုက်တယ်လို့ ICJ တရားရုံးထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ နှုတ်နဲ့ထွက်ဆိုချက်တွေကို ဘယ်တော့ခွင့်ပြုမလဲဆိုတာ တရားရုံးက နောက်ပိုင်းမှာကြေညာမယ်လို့ ဆိုပါတယ်။

ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေ ထွက်ပြေးရတဲ့ဖြစ်ရပ်နဲ့ပတ်သက်လို့ အနောက်အာဖရိကဒေသထဲက တိုင်းပြည်လေးဖြစ်တဲ့ ဂမ်ဘီယာနိုင်ငံက ၂၀၁၇ ခုနှစ်မှာ မြန်မာအာဏာပိုင်တွေကို တရားစွဲခဲ့တာဖြစ်ပါတယ်။

ကုလသမဂ္ဂကဖွဲ့စည်းခဲ့တဲ့ အချက်အလက် ရှာဖွေရေးအဖွဲ့ကလည်း အဲဒီ ၂၀၁၇ ခုနှစ်မှာ မြန်မာစစ်တပ်ရဲ့ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုတွေ ဖြစ်ခဲ့တယ်လို့ တင်ပြထားပါတယ်။

ဒါပေမဲ့ မြန်မာနိုင်ငံအနေနဲ့ လူမျိုးတုန်းသတ်ဖြတ်မှုမကျူးလွန်ခဲ့သလို၊ အဲဒီတင်ပြချက်ဟာ တဖက်သတ် ဆန်ပြီး၊ အားနည်းချက်တွေရှိတယ်လို့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်ပြီး ၂၀၁၉ ခုနှစ် ဒီဇင်ဘာလက နယ်သာလန်နိုင်ငံ သဟိဂ်မြို့မှာရှိတဲ့ ICJ တရားရုံးမှာ ငြင်းဆိုခဲ့ပါတယ်။

ဒီငြင်းဆိုချက်ကို ၂၀၂၂ ခုနှစ်မှာ ICJ ကပယ်ချခဲ့ပြီး အမှုကိုဆက်လက်ကိုင်တွယ်နေတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။