မြန်မာကို ကူညီဖို့ ထောက်ပံ့ရေးစင်္ကြံတွေ ဖော်ဆောင်ရေး ICRC တွန်းအားပေး
2024.09.11
မြန်မာနိုင်ငံထဲကို လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေကို နယ်စပ်ဖြတ်ကျော်ပြီး ပေးပို့နိုင်ဖို့ စစ်ကောင်စီ၊ တော်လှန်ရေးအင်အားစုတွေ၊ အိမ်နီးချင်းနိုင်ငံတွေနဲ့ ဆွေးနွေးနေတယ်လို့ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) က ပြောဆိုကြောင်း ရိုက်တာသတင်းမှာ စက်တင်ဘာလ ၁၁ ရက်နေ့က ဖော်ပြပါတယ်။
လက်ရှိကာလမှာ မြန်မာနိုင်ငံလူဦးရေရဲ့ သုံးပုံတစ်ပုံနီးပါး လူသားချင်းစာနာမှုအကူအညီတွေ လိုအပ်နေပြီး တားမြစ်ကန့်သတ်ချက်တွေနဲ့ လုံခြုံရေးအခြေအနေတွေကြောင့် နေရာအတော်များများကို သွားရောက်ကူညီခွင့်မရဘဲ ဖြစ်နေတယ်လို့ ICRC ဥက္ကဋ္ဌ Mirjana Spoljaric က ပြောပါတယ်။
ဒီလအစောပိုင်းမှာ ICRC ဥက္ကဋ္ဌက မြန်မာနိုင်ငံကို သွားရောက်ခဲ့တာဖြစ်ပြီး ဒီခရီးစဉ်အတွင်း မြန်မာပြည်သူတွေကျန်းမာရေးစောင့်ရှောက်မှု မရတာ၊ လိုအပ်တဲ့ အခြေခံဆေးဝါးတွေ မရှိတာတွေအပြင် စားနပ်ရိက္ခာ ပြတ်လပ်မှုနဲ့ကြုံနေရတဲ့ အခြေအနေတွေကို တွေ့မြင်ခဲ့ရတယ်လို့ ဆိုပါတယ်။
ICRC အနေနဲ့ မြန်မာနိုင်ငံတွင်းက ပဋိပက္ခဒဏ်ခံနေရတဲ့ ဒေသတွေကို သွားရောက်ကူညီနိုင်စွမ်းရှိပေမဲ့ အဲဒီနေရာတွေကို သွားလာခွင့် မရှိတာက ပြဿနာတစ်ရပ် ဖြစ်နေတယ်လို့လည်း ဆိုပါတယ်။
ဒါကြောင့် ဘင်္ဂလားဒေ့ရှ်နဲ့ ထိုင်းလို အိမ်နီးချင်းနိုင်ငံတွေက တစ်ဆင့် အကူအညီတွေ ပေးပို့နိုင်ရေး ဆွေးနွေးပြောဆိုနေတာဖြစ်ကြောင်း သတင်းမှာ ဖော်ပြပါတယ်။ ဒီအစီအစဉ်ကို အကောင်အထည် ဖော်နိုင်ဖို့ အားလုံးရဲ့ သဘောတူညီချက်လိုအပ်သလို အတိုင်းအတာတစ်ခုအထိ အပစ်အခတ်ရပ်စဲဖို့ လိုတယ်လို့လည်း ဆိုပါတယ်။
စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ICRC ဥက္ကဋ္ဌတို့ စက်တင်ဘာလ ၉ ရက်နေ့က နေပြည်တော်မှာ တွေ့ဆုံခဲ့ပြီး ဒီဆွေးနွေးပွဲရလဒ်အနေနဲ့ အကူအညီပေးရေး လမ်းကြောင်းပွင့်လာဖို့ မျှော်လင့်တယ်လို့ပြောဆိုကြောင်းလည်း သတင်းမှာ ဖော်ပြပါတယ်။