ပဋိပက္ခဒဏ်ခံနေရတဲ့ ဒေသတွေကို ပိုမိုသွားရောက်ခွင့်ရဖို့ ICRC တိုက်တွန်း

RFA Burmese
2024.09.10
ပဋိပက္ခဒဏ်ခံနေရတဲ့ ဒေသတွေကို ပိုမိုသွားရောက်ခွင့်ရဖို့ ICRC တိုက်တွန်း တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေကြသည့် ခင်ဦးမြို့နယ်မှ စစ်ဘေးဒုက္ခသည်များအား ၂၀၂၄ ခုနှစ်၊ မတ်လ ၂၅ ရက်နေ့က တွေ့ရစဥ်။
ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး

မြန်မာနိုင်ငံ ပဋိပက္ခဒဏ်ခံနေရတဲ့ ဒေသတွေကို ပိုမိုသွားရောက်ခွင့်ရဖို့ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို တိုက်တွန်းခဲ့တယ်လို့ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC) က စက်တင်ဘာလ ၁၀ ရက် ဒီနေ့မှာ ထုတ်ပြန်ပါတယ်။

စစ်ကောင်စီဥက္ကဋ္ဌနဲ့ ICRC ဥက္ကဋ္ဌ Mirjana Spoljaric တို့ စက်တင်ဘာလ ၉ ရက်နေ့က နေပြည်တော်မှာ တွေ့ဆုံခဲ့တာပါ။

ပဋိပက္ခဒဏ်ခံနေရတဲ့ နေရာတွေမှာ ကျန်းမာရေးစောင့်ရှောက်မှု၊ သန့်ရှင်းတဲ့ ရေ၊ အစားအစာနဲ့ အမိုးအကာတွေ ရရှိဖို့အတွက် ကြီးမားတဲ့ အခက်အခဲနဲ့ ရင်ဆိုင်ကြုံတွေ့နေရတယ်လို့ ICRC က ဖော်ပြပါတယ်။

မြန်မာနိုင်ငံက မိသားစုတွေဟာ အခြေခံဆေးဝါးတွေနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေမရှိဘဲ နေထိုင်ကြရပြီး အစားအစာပြတ်လပ်မှုနဲ့ ရင်ဆိုင်နေရတယ်လို့ ICRC ဥက္ကဋ္ဌ Mirjana Spoljaric ထုတ်ပြန်ချက်မှာ ထည့်သွင်းပြောဆိုပါတယ်။

“ပဋိပက္ခနဲ့ အခြားသော အကြမ်းဖက်မှု အခြေအနေများကြောင့် အကြောက်တရားတွေနဲ့ နေထိုင်နေကြရပါတယ်။ အသက်မွေးဝမ်းကျောင်း လုပ်ငန်းတွေကို ဆက်လက်မဆောင်ရွက်နိုင်ခြင်းကြောင့် မရေမတွက်နိုင်အောင် များပြားတဲ့ လူထုအတွက် အသက်ရှင်ရပ်တည်နိုင်ဖို့ နည်းလမ်းတွေ မရှိတော့ပါဘူး”

လူထုရဲ့ သွားလာနိုင်မှုနဲ့ ကုန်ပစ္စည်းစီးဆင်းမှုတွေအပေါ် ချမှတ်ထားတဲ့ တားမြစ်ကန့်သတ်ချက်တွေကြောင့်လည်း လူသားချင်းစာနာမှုဆိုင်ရာလုပ်ငန်းတွေ ဆောင်ရွက်ပေးနိုင်မှု လျော့နည်းလာပြီး လူထုအကူအညီရရှိနိုင်မှုအပေါ် အကန့်အသတ်တွေလည်း ဖြစ်လာတယ်လို့ ဆိုပါတယ်။

ICRC က ရှမ်း၊ ကချင်၊ ရခိုင်၊ ချင်း၊ ကယား၊ ကရင်နဲ့ မြန်မာနိုင်ငံအလယ်ပိုင်းမှာရှိတဲ့ ပဋိပက္ခဒဏ်ခံနေရတဲ့ ဒေသတွေကို သွားရောက်ကူညီနိုင်ဖို့ သန္နိဋ္ဌာန်ချထားတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ပဋိပက္ခမှာပါဝင်နေတဲ့ အဖွဲ့အစည်းတွေအားလုံးက အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှု ဥပဒေ လေးစားလိုက်နာကြဖို့၊ အရပ်သားတွေနဲ့ လူသားချင်းစာနာမှုအကူအညီပေးနေသူတွေ ဘေးကင်းလုံခြုံရေး ဆောင်ရွက်ပေးဖို့ကိုလည်း ICRC က တိုက်တွန်းပါတယ်။

စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကတော့ မြန်မာစစ်တပ်အနေနဲ့ ဂျီနီဗာကွန်ဗင်းရှင်းနဲ့အညီ ဆောင်ရွက်နေကြောင်း ICRC ဥက္ကဋ္ဌနဲ့ တွေ့ဆုံစဉ်ပြောဆိုခဲ့တယ်လို့ စစ်ကောင်စီက ဒီနေ့ ထုတ်ပြန်ပါတယ်။

ဂျီနီဗာကွန်ဗန်းရှင်းရဲ့ စည်းမျဉ်းတွေထဲမှာတော့ စစ်ပွဲနဲ့မဆိုင်တဲ့ အရပ်သားတွေ၊ ဆေးဝန်ထမ်းတွေနဲ့ ကယ်ဆယ်ရေးလုပ်သားတွေကို အကာအကွယ် ပေးထားပါတယ်။

စစ်မက်ဖြစ်ပွားတဲ့နေရာတွေက အရပ်သားတွေအပြင် စစ်ပွဲမှာဝင်တိုက်ပြီး ဒဏ်ရာရတဲ့ တပ်ဖွဲ့ဝင်တွေကိုတောင် ရက်ရက်စက်စက်မပြုကျင့်ဖို့ ဂျနီဗာကွန်ဗန်းရှင်းက စောင့်ထိန်းရမဲ့ ကျင့်ဝတ်ကိုညွှန်ပြပေမဲ့ မြန်မာနိုင်ငံမှာတော့ လျစ်လျူရှုခံထားရတယ်လို့ သုံးသပ်မှုတွေ ရှိနေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။