KNU တပ်မဟာ ၃ နယ်မြေက ဒုက္ခသည် တစ်သောင်းခွဲ အကူအညီလိုနေ

ကျော်လွင်ဦး (ဝါရှင်တန်ဒီစီ)
2023.05.17
KNU တပ်မဟာ ၃ နယ်မြေက ဒုက္ခသည် တစ်သောင်းခွဲ အကူအညီလိုနေ ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်အတွင်းမှ တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် ဒေသခံများအား ၂ဝ၂၃ ခုနှစ် မေလ ၁၆ ရက်နေ့က တွေ့ရစဉ်။
Karen National Union

ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၃ ထိန်းချုပ်နယ်မြေ ပဲခူးတိုင်း ညောင်လေးပင်ခရိုင်အတွင်း စစ်ဘေးရှောင်နေရတဲ့ ဒေသခံ တစ်သောင်းခွဲကျော်အတွက် အရေးပေါ်အကူအညီတွေပေးဖို့ နိုင်ငံတကာကို ကရင်အရေးပေါ်ကူညီကယ်ဆယ်ရေးကော်မတီက တောင်းဆိုလိုက်ပါတယ်။

မေလ ၁၄ ရက်နေ့အထိ စာရင်းတွေအရ သုံးရက်အတွင်း ကျေးရွာပေါင်း ၁၁ ရွာ၊ အိမ်ခြေ သုံးထောင်ကျော်က ဒေသခံ ၁၅၆၀၀ ကျော် ထွက်ပြေးနေရတယ်လို့ ကရင်အရေးပေါ်ကူညီကယ်ဆယ်ရေးကော်မတီရဲ့ မေလ ၁၇ ရက်နေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ကျောက်ကြီးနဲ့ ထန်းတပင်မြို့နယ်တွေမှာ စစ်ကောင်စီတပ်တွေ ထိုးစစ်ဆင်နေတာကြောင့် မိုးရေထဲမှာ ရွာလုံးကျွတ်ထွက်ပြေးနေကြတာလို့ အဲဒီကော်မတီ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

"တပ်အင်အားတစ်ရာကျော်နဲ့ စစ်ကြောင်းထိုးလာတာကြောင့် ရွာလုံးကျွတ်ထွက်ပြေးနေကြတာ၊ ပြည်သူတွေက ရွာမှာ မနေရဲကြတော့ဘူး၊ ဘာဖြစ်လို့လဲဆိုတော့ ညောင်ပင်သာမှာဖြစ်တဲ့ ပုံစံမျိုးဖြစ်မှာစိုးလို့ တစ်ရွာလုံး ထွက်ပြေးနေကြတာ၊ ပြည်သူတွေ တအားဒုက္ခရောက်နေကြတာ၊ ပြည်သူတွေပြေးတဲ့အချိန် မုန်တိုင်းကျတဲ့အချိန်ဖြစ်တော့ မိုးကရွာ၊ လေယာဉ်ပျံက ထပ်ဝဲတော့ ပြည်သူတွေမှာ ကြောက်ရွံ့နေကြတယ်"

စစ်ကောင်စီက ဒေသခံပြည်သူတွေကို ပစ်မှတ်ထားတိုက်ခိုက်နေပြီး လူ့အခွင့်အရေး ချိုးဖောက်မှုတွေလည်း ကျူးလွန်နေတယ်လို့ ဆိုပါတယ်။

ထန်းတပင်မြို့နယ် ညောင်ပင်သာကျေးရွာမှာ မေလ ၁၀ရက်နေ့က ကလေး လေးယောက် ၊ အမျိုးသမီး ၁၁ ယောက် အပါအဝင် ဒေသခံ အယောက် ၂ဝ ကို စစ်ကောင်စီက အစုအပြုံလိုက် မီးရှို့သတ်ဖြတ်တာဟာ လူ့အခွင့်အရေးကို ပြောင်ပြောင်တင်းတင်းချိုးဖောက်တာဖြစ်ပြီး အဲဒီလိုလုပ်ရပ်တွေကို ထိထိရောက်ရောက် အရေးယူပေးဖို့လည်း နိုင်ငံတကာကို ထည့်သွင်းတောင်းဆိုထားပါတယ်။

ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုကော်မတီဝင် ပဒိုစောကလယ်ဆေးက “စစ်ကောင်စီတပ်တွေ ထိုးစစ်ဆင်တာ၊ ကျေးရွာသားတွေကို ဖမ်းဆီးသတ်ဖြတ်တာ၊ လေကြောင်းကနေ တိုက်ခိုက်တာတွေကြောင့် စစ်ဘေးရှောင်တွေ ရက်ပိုင်းအတွင်း များလာတာ။” လို့ ပြောပါတယ်။

ဒီကိစ္စတွေနဲ့ပတ်သက်ပြီး ပဲခူးတိုင်း စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဦးတင်ဦးနဲ့ စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းတို့ကို RFA က ဖုန်းနဲ့ အကြိမ်ကြိမ် ဆက်သွယ်ပေမဲ့ ဖုန်းလက်ခံဖြေဆိုတာမရှိပါဘူး။

စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်တွေရဲ့ ထိုးစစ်ဆင်တိုက်ခိုက်တာ၊ လေကြောင်းတိုက်ခိုက်တာတွေကြောင့် KNU ထိန်းချုပ်နယ်မြေတွေမှာ လူ လေးသိန်းကျော် စစ်ဘေးတိမ်းရှောင်နေရတယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။