စစ်ရာဇဝတ်မှုတွေ ပိုများလာကြောင်း ကုလစုံစမ်းစစ်ဆေးရေးအဖွဲ့ပြော

RFA Burmese
2023.06.29
စစ်ရာဇဝတ်မှုတွေ ပိုများလာကြောင်း ကုလစုံစမ်းစစ်ဆေးရေးအဖွဲ့ပြော ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၂၇ ရက်နေ့တွင် မုံရွာမြို့ရှိ ငြိမ်းချမ်းစွာဆန္ဒပြနေသူများကို စစ်ကောင်စီတပ်က အကြမ်းဖက်ရိုက်နှက်ဖမ်းဆီးစဥ်။
AFP

ပြီးခဲ့တဲ့နှစ်အတွင်း စစ်ကောင်စီ ကျူးလွန်တဲ့ စစ်ရာဇဝတ်မှုတွေ သိသိသာသာ ပိုများလာတယ်လို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးအဖွဲ့ (IIMM) က ဇွန်လ ၂၉ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

လူသတ်မှု၊ မုဒိမ်းမှု၊ ညှဉ်းပန်းနှိပ်စက်မှု၊ ဥပဒေမဲ့ ထောင်ချတာ၊ နေရပ်ပြန်ပို့တာတွေနဲ့ အတင်းအကျပ်လွှဲပြောင်းတာတွေအပါအဝင် နိုင်ငံတစ်ဝန်းမှာ စစ်ရာဇဝတ်မှု ကျူးလွန်တာတွေနဲ့ ပတ်သက်ပြီး ခိုင်လုံတဲ့ အထောက်အထားတွေ ရထားတယ်လို့လည်း ပြောထားပါတယ်။

သတင်းအချက်အလက်တွေ အထောက်အထားတွေကို အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံပြီး ရရှိခဲ့တာလို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ များစွာတိုးလာတာကြောင့် အဆိုးဆုံးဖြစ်ရပ်တွေနဲ့ ကျူးလွန်ခံရသူတွေအပေါ် သက်ရောက်မှုတွေကို စုံစမ်းစစ်ဆေးတာတွေ အဓိကအာရုံစိုက်လုပ်နေတယ်လို့လည်း IIMM က ပြောပါတယ်။

စုံစမ်းစစ်ဆေးရေးကော်မရှင်ဟာ သတင်းအရင်းအဖြစ် ၇၀၀ ကျော်ကရရှိတဲ့ အချက်အလက်တွေစုဆောင်းပြီး သက်သေ ၂၀၀ ကျော်ရဲ့ ထွက်ဆိုချက်တွေကို ရယူနိုင်ခဲ့တာပါ။

အထောက်အထား အမှုတွဲ ၁၃၅ ခုကျော်က အချက်အလက်တွေကို လူ့အခွင့်အရေးကောင်စီကို အစီရင်ခံစာတင်ဖို့ အဆင်သင့်ဖြစ်နေပြီလို့လည်း ပြောထားပါတယ်။

၂၀၂၃ ခုနှစ် ဩဂုတ်လ ၈ ရက်နေ့မှာ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးအဖွဲ့ နှစ်ပတ်လည်အစီရင်ခံစာမှာ အသေးစိတ်ဖော်ပြမယ်လို့လည်း ရေးသားထားပါတယ်။

လူ့အခွင့်အရေးကောင်စီနဲ့ အထွေထွေညီလာခံကိုလည်း နှစ်ပတ်လည်အစီရင်ခံစာ တင်ပြသွားမယ်လို့လည်း ဆိုပါတယ်။

မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒရေးရာလေ့လာရေးအဖွဲ့ ISP(Myanmar) ရဲ့ ဇွန်လ ၁၂ ရက် ထုတ်ပြန်ချက်အရ ၂၀၂၃ ခုနှစ် ပထမ ငါးလအတွင်း လက်နက်ကိုင်ပဋိပက္ခနဲ့ တိုက်ပွဲတွေကြောင့် အရပ်သား ၇၄၈ ဦးထက်မနည်း စံချိန်တင်သေဆုံးခဲ့ပြီး အဲဒီအရေအတွက်ဟာ ပြီးခဲ့တဲ့ ၂၀၂၂ တစ်နှစ်တာအတွင်း သေဆုံးသူ အရပ်သား စုစုပေါင်းရဲ့ ၆၀ ရာခိုင်နှုန်းနီးပါးအထိ ရှိတယ်လို့ ဖော်ပြထားပါတယ်။

စစ်အာဏာသိမ်း နှစ်နှစ်ကျော်အတွင်းမှာတော့ သေဆုံးသူ အရပ်သား စုစုပေါင်း ၈၆၄၀ ဦး ထက်မနည်းရှိခဲ့ပြီး အဲဒီအထဲက ၂၄၀၀ ကျော်ဟာ လက်နက်ကိုင်ပဋိပက္ခတွေကြောင့် သေဆုံးခဲ့တာလို့ ဖော်ပြထားပါတယ်။

စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ စစ်တပ်က အရပ်သားပြည်သူတွေကို ပစ်မှတ်ထား တိုက်ခိုက်တာမျိုး ဘယ်တော့မှမလုပ်ဘူးလို့ အရင်က ဖြေဆိုဘူးပါတယ်။

ရိုဟင်ဂျာတွေအပေါ် လူအခွင့်အရေး ချိုးဖောက်မှုတွေကို သက်သေအချက်အလက်စုစည်းဖို့အတွက် မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးအဖွဲ့ (IIMM) ကို လူ့အခွင့်အရေးကောင်စီက ၂၀၁၈ ခုနှစ်မှာ စတင်ဖွဲ့စည်းခဲ့တာပါ။

IIMM အဖွဲ့ဟာ ရိုဟင်ဂျာအရေးကိစ္စတွေကိုလည်း ဆက်လက်စုံစမ်းစစ်ဆေးနေတယ်လို့လည်း ပြောထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။