စစ်တပ်ရဲ့ရာဇဝတ်မှုတွေပေါ်လွင်စေမယ့် သန်းနဲ့ချီတဲ့အချက်အလက်တွေ Facebook ကတစ်ဆင့် IIMM ရရှိထား

2022.09.13
စစ်တပ်ရဲ့ရာဇဝတ်မှုတွေပေါ်လွင်စေမယ့် သန်းနဲ့ချီတဲ့အချက်အလက်တွေ Facebook ကတစ်ဆင့် IIMM ရရှိထား IIMM အဖွဲ့ခေါင်းဆောင် နီကိုလပ်စ် ကုမ်ဂျန် (Nicholas Koumjian)
Photo - UN

ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေး ယန္တရား IIMM ရဲ့ အကြီးအကဲ မစ္စတာ နီကိုလပ် ကုမ်ဂျန်က အဖွဲ့ရဲ့ လေးကြိမ်မြောက် အစီရင်ခံစာကို လူ့အခွင့်အရေးကောင်စီမှာ တင်သွင်းခဲ့ရာမှာ မြန်မာနိုင်ငံမှာ အာဏာသိမ်းစစ်တပ်ရဲ့ ဆိုးဝါးပြင်းထန်တဲ့ ရာဇဝတ်မှုတွေ ကျူးလွန်တဲ့အခြေအနေတွေ ပိုဆိုးလာနေပြီး၊ ဘယ်ဥပဒေကိုမှ လိုက်နာစရာ မလိုဘူးလို့ ယုံကြည်နေကြတဲ့ မြန်မာစစ်ခေါင်းဆောင်တွေကို တာဝန်ခံခိုင်းတာ မရှိတဲ့အတွက် မြန်မာပြည်သူတွေဟာ ဒုက္ခအတိခံနေကြရတယ်လို့ ပြောသွားပါတယ်။

“ဒီအမှုတွဲတွေကို ICJ နဲ့ ICC တရားရုံးတွေက အမှုတွေအပါအဝင် တရားရုံးစစ်ဆေးမှုတွေအတွက် မျှဝေပေးသွားဖို့ အသင့်ရှိပါတယ်“

မြန်မာစစ်တပ်ရဲ့ ရှင်းလင်းရေးစစ်ဆင်ရေးတွေကြောင့် ရခိုင်ပြည်နယ်မြောက်ပိုင်းက ရိုဟင်ဂျာတွေ ထွက်ပြေးခဲ့ရတာ ငါးနှစ်ကျော် ကြာခဲ့ပေမယ့်၊ အိမ်နီးချင်းနိုင်ငံမှာ ရောက်နေတဲ့ ရိုဟင်ဂျာတွေအိမ်ပြန်နိုင်ဖို့ အလှမ်းဝေးနေဆဲ ဖြစ်တဲ့အကြောင်း သူက ပြောကြားပြီး ဒီလိုအကြမ်းဖက်တိုက်ခိုက်မှုတွေကို ကျူးလွန်ခဲ့တဲ့ မြန်မာစစ်ခေါင်းဆောင်တွေကို အပြစ်ပေးအရေးယူခံရမှုကနေ ကင်းလွတ်နေတဲ့ အခြေအနေကို ရပ်တန့်နိုင်မှ ရိုဟင်ဂျာတွေ အိမ်ပြန်လို့ရတဲ့အခြေအနေ ရောက်လိမ့်မယ်လို့လည်း မစ္စတာ နီကိုလပ် ကုမ်ဂျန်က ပြောသွားပါတယ်။

“မြန်မာစစ်တပ်ဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလက အာဏာသိမ်းလိုက်ပြီးနောက်ပိုင်းမှာ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ရာဇဝတ်မှု နဲ့ စစ်ရာဇဝတ်မှုတွေ နိုင်ငံတကာရာဇဝတ်မှုတွေကို ကျူးလွန်ခဲ့တဲ့ အထောက်အထားတွေကို တစ်စထက်တစ်စ တိုးပြီး တွေ့လာရပါတယ်။ ကျွန်တော်တို့ လေ့လာစုံစမ်းရေးယန္တရားအနေနဲ့ လိင်ပိုင်းအကြမ်းဖက်မှုနဲ့ ကျားမလိင်ကွဲပြားမှုကို အခြေခံတဲ့ အကြမ်းဖက်မှုတွေ၊ ကလေးသူငယ်တွေအပေါ် ကျူးလွန်တဲ့အမှုတွေအတွက် အထောက်အထားတွေကို ဦးစားပေးစုဆောင်းနေပါတယ်။ မြန်မာနိုင်ငံက ပဋိပက္ခ တိုက်ခိုက်မှုတွေအတွင်းမှာ အမျိုးသမီးနဲ့ကလေးငယ်တွေဟာ ထိခိုက်လွယ်တဲ့ အခြေအနေ ရှိနေပေမယ့် သူတို့ကျူးလွန်ခံရတဲ့ မှုခင်းတွေကို သတင်းပေးပို့ တိုင်ကြားမှုအရကော၊ အရေးယူဆောင်ရွက်မှုအရပါ အလွန်နည်းပါးနေတာ တွေ့ရပါတယ်”

IIMM အဖွဲ့ဟာ မြန်မာနိုင်ငံမှာ ကလေးငယ်တွေ မတရားဖမ်းဆီးခံရတာတွေ နှိပ်စက်ညှဉ်းပန်းခံရတာတွေ ဖြစ်နေတဲ့အကြောင်း သတင်းပေးပို့ချက်တွေ အမြောက်အမြား ရရှိခဲ့ရာမှာ၊ စစ်ကောင်စီဟာ မိဘဖြစ်သူတွေကို ပစ်မှတ်ထားချင်တဲ့အခါမှာ သားသမီးဖြစ်သူ ကလေးငယ်တွေကို ဖမ်းဆီးနှိပ်စက်မှုတာတွေ ကျူးလွန်တာတွေ့ရတဲ့အကြောင်းနဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကို အမျိုးသမီးတွေကိုရော၊ အမျိုးသားတွေကိုပါ ကျူးလွန်တဲ့ မှုခင်းတွေလည်း တိုးလာတာ တွေ့ရတယ်လို့ ဆိုပါတယ်။

IIMM အဖွဲ့ဟာ မြန်မာနိုင်ငံတွင်းက မှုခင်းဖြစ်ပွားရာနေရာတွေကို ကိုယ်တိုင်သွားရောက် စစ်ဆေးလို့မရတဲ့အတွက် အထောက်အထား စုဆောင်းရာမှာ စိန်ခေါ်မှုတွေ ကြုံနေရတဲ့အကြောင်း၊ သွားရောက်ခွင့်ပေးဖို့ စစ်ကောင်စီဆီကို အကြိမ်ပေါင်း ဒါဇင်နဲ့ ချီပြီး တောင်းခံခဲ့ပေမယ့် တုံ့ပြန်မှု လုံးဝမရှိခဲ့ကြောင်း မစ္စတာ နီကိုလပ် ကုမ်ဂျန်က ပြောပါတယ်။ ဒီလိုအခက်အခဲတွေ ကြားကနေ စစ်တပ်က ကျူးလွန်တဲ့ မှုခင်းတွေကို မျက်မြင်ကြုံခဲ့ရသူတွေရဲ့ ထွက်ဆိုချက်တွေ၊ သတင်းပေးပို့ချက်တွေကို ရယူစုဆောင်းခဲ့တဲ့အကြောင်းလည်း သူက ပြောသွားပါတယ်။

“ကျွန်တော်တို့ IIMM အဖွဲ့ကနေ အမှုတွဲပေါင်း ၆၇ ခုအတွက် သက်သေအထောက်အထားနဲ့ လေ့လာသုံးသပ်ချက်တွေကို စုစည်း ပြင်ဆင်နိုင်ခဲ့ပါတယ်။ ဒီအမှုတွဲတွေကို ICJ နဲ့ ICC တရားရုံးတွေက အမှုတွေအပါအဝင် တရားရုံးစစ်ဆေးမှုတွေအတွက် မျှဝေပေးသွားဖို့ အသင့်ရှိပါတယ်။ ကျွန်တော်တို့ရဲ့ နှစ်ချုပ်အစီရင်ခံစာမှာ ဆိုရင်လည်း သတင်းရင်းမြစ် ၂၀၀ လောက်ဆီကနေ သတင်းအချက်အလက် သုံးသန်းလောက်ကို စုဆောင်းပြီး သိမ်းဆည်းထားနိုင်ခဲ့တဲ့အကြောင်း ဖော်ပြထားပါတယ်။ ဒီအထဲမှာ အင်တာဗျူး မေးမြန်းမှုတွေ၊ စာရွက်စာတမ်းတွေ၊ ဓာတ်ပုံတွေ၊ ဂြိုဟ်တုက ရိုက်ကူးတဲ့ မြေပုံတွေ၊ ဆိုရှယ်မီဒီယာတွေမှာ တင်တဲ့ခဲ့ အကြောင်းအရာတွေ အမျိုးမျိုး ပါဝင်ပါတယ်။ မနှစ်ကထက် နှစ်ဆလောက် တိုးပြီး စုဆောင်းနိုင်ခဲ့ပါတယ်”

22dbcfd9-6767-4c42-a26a-242d368f3436.jpeg
မွန်ပြည်နယ် မော်လမြိုင်မြို့တွင် ဖေဖော်ဝါရီလ ၁၂ ရက်နေ့က အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူတစ်ဦးအား စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးသွားစဉ်။ (Photo: AFP)

ဒါ့အပြင် IIMM အဖွဲ့ဟာ မြန်မာနိုင်ငံမှာ လူသုံးများတဲ့ ဖေ့စ်ဘွတ် ဆီကနေ မြန်မာစစ်တပ်က ကျူးလွန်တဲ့ မှုခင်းတွေအတွက် အထောက်အထားတွေ ရယူနိုင်ခဲ့ပုံကိုလည်း အခုလို ပြောသွားပါတယ်။

“ဖေ့စ်ဘွတ်ခ် ကုမ္ပဏီဟာ မိမိဘယ်သူဘယ်ဝါဆိုတာ လိမ်ညာပြီး ဖန်တီးထားတဲ့ ကွန်ရက်အဖွဲ့တွေကို ပိတ်သိမ်းခဲ့ပါတယ်။ ဒီကွန်ရက်တွေကို ဖန်တီးတဲ့ အကောင့်တွေကို အမှန်က မြန်မာစစ်တပ်က ထိန်းချုပ်ထားတာ ဖြစ်တဲ့အကြောင်း တွေ့ရပါတယ်။ အဲဒီလို ကွန်ရက်တွေပေါ်မှာ တင်ထားတဲ့ သတင်းအချက်အလက် သန်းပေါင်းများစွာကို ဖေ့စ်ဘွတ်ခ်က IIMM အဖွဲ့ကို ပေးအပ်ခဲ့ပါတယ်။ ကျွန်တော်တို့ အဖွဲ့ဟာ စစ်တပ်က ထိန်းချုပ်ထားတဲ့ ကွန်ရက်အဖွဲ့တွေပေါ်မှာ တင်ထားတဲ့ ရိုဟင်ဂျာမုန်းတီးရေး လှုံ့ဆော်တဲ့ ပို့စ်တွေကို မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။ ဥပမာပြရရင်၊ ရိုဟင်ဂျာမုန်းတီးရေး လှုံ့ဆော်တဲ့ ပို့စ်တစ်ခုကို ဆိုရင် စစ်တပ်က ထိန်းချုပ်ထားတဲ့ ကွန်ရက်အဖွဲ့တစ်ခုကနေ ပေ့ချ် ဆယ်ခုလောက်မှာ တစ်ပြိုင်တည်းနီးပါး တင်ခဲ့ပါတယ်။ တင်တဲ့အချိန်က ၂၀၁၇ခုနှစ် သြဂုတ်လ ၁၀ရက်၊ စစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးတွေ မလုပ်ခင်လေးတင်မှာ ဖြစ်ပါတယ်။ အဲဒီပို့စ်မှာဆိုရင် ဗုဒ္ဓဘာသာဝင်တွေအတွက် အမြင်ဆိုးတဲ့ နွားတစ်ကောင်ကို ဝမ်းဗိုက်ခွဲပြီး အူတွေ ထုတ်ထားတဲ့ ပုံတစ်ပုံကို ပြထားပါတယ်။ ပြီးတော့ ရိုဟင်ဂျာတွေ အလုံးအရင်းနဲ့ လက်နက်တပ်ဆင်နေကြပြီး ဗုဒ္ဓဘာသာဝင်တွေကို ခြိမ်းခြောက်နေပြီ ဆိုတဲ့ အကြောင်းပြောထားပါတယ်။”

ဒါ့အပြင် ပြီးခဲ့တဲ့ ဇူလိုင်လက စစ်ကောင်စီကနေ သေဒဏ်ပေးထားတဲ့ ဒီမိုကရေစီအရေးလှုပ်ရှားသူ လေးဦးကို အမှန်တကယ် သေဒဏ်စီရင်လိုက်တာနဲ့ ပက်သက်ပြီးတော့လည်း နိုင်ငံတကာဥပဒေအရ သေဒဏ်အပြစ်ပေးတာကို တားမြစ်မထားပေမယ့် လုံလောက်တဲ့ တရားစီရင် စစ်ဆေးမှု မရှိဘဲ သေဒဏ်စီရင်လိုက်တာဟာ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု ကျူးလွန်ရာရောက်တယ်လို့ မစ္စတာ နီကိုလပ် ကုမ်ဂျန်က ပြောသွားပါတယ်။

“မျှတတဲ့ တရားစီရင်မှု ဖြစ်ဖို့ လုံလောက်မှုမရှိတဲ့ စစ်ဆေးစီရင်မှုတွေကနေ ချမှတ်လိုက်တဲ့ သေဒဏ်ကို အမှန်တကယ် စီရင်လိုက်တာဟာ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု ကျူးလွန်ရာရောက်ပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လက ဒီမိုကရေစီအရေးလှုပ်ရှားသူ လေးဦးကို အမှန်တကယ် သေဒဏ်စီရင်လိုက်တာဟာ သင့်တော်တဲ့ စစ်ဆေးစီရင်မှုမရှိဘဲ လုပ်လိုက်တာဖြစ်တဲ့အကြောင်း ထင်ရှားတဲ့ အထောက်အထားတွေ တွေ့ရပါတယ်။ ဒီအမှုအတွက် ကြားနာစစ်ဆေးမှုတွေဟာ ပွင့်လင်းမြင်သာမှု မရှိတဲ့အပြစ်၊ သူတို့ကို စွဲဆိုထားတဲ့ စွဲချက်တွေအကြောင်းနဲ့ တင်သွင်းတဲ့ အထောက်အထားတွေအကြောင်း တိတိကျကျ ထုတ်ပြန်တာ မတွေ့ရပါဘူး”

မြန်မာနိုင်ငံက အဆိုးဝါးဆုံး အကြမ်းဖက်မှုတွေကို ရပ်တန့်အောင် ဆက်လက်ပူးပေါင်းဆောင်ရွက်ကြဖို့နဲ့ ကျူးလွန်သူတွေကို အပြစ်ပေးအရေးယူနိုင်ဖို့ IIMM အဖွဲ့ရဲ့ လုပ်ငန်းတွေကို ဆက်လက်ထောက်ခံကြဖို့ မစ္စတာ နီကိုလပ် ကုမ်ဂျန်က လူ့အခွင့်အရေးကောင်စီကို တိုက်တွန်းပြောကြားသွားခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2022-09-13 09:34

လက်တွေ့ အကြမ်းဖက်နေတာ အကြမ်းဖက်အားပေးနေတာ ဘယ်ဘက်ကလူတွေလဲလို့ သေချာလဲပြန်ကြည့်ပါဦး။ လူတယောက်သေရင် ၀မ်းသာနေကြတာ၊ သတ်ဟဖြတ်ဟနဲ့ လုပ်နေကြတာကို အားပေးနေကြတာ စစ်တပ်ကလူတွေလား NUGကို ထောက်ခံတဲ့သူတွေလား သေချာလဲ လေ့လာကြဦး။ မသိ‌‌ရင်လဲ mail နဲ့ပို့လိုက်မယ် 😆