တရားမဝင် သက်တမ်းတိုးတဲ့ နိုင်ငံကူးလက်မှတ်တွေကို ဖျက်သိမ်းမည်ဟု စစ်ကောင်စီ ကြေညာ
2024.11.09
တောင်ကိုရီးယားနိုင်ငံရောက် မြန်မာနိုင်ငံသားတွေ နိုင်ငံကူးလက်မှတ် တရားမဝင် သက်တမ်းတိုးတာတွေ မလုပ်ဖို့နဲ့ အဲဒီနိုင်ငံကူလက်မှတ်ကူးလက်မှတ်တွေကို ဖျက်သိမ်းပြီး အမည်ပျက်စာရင်း သွင်းသွားမယ်လို့ ဆိုးလ်မြို့မှာရှိတဲ့ စစ်ကောင်စီ မြန်မာသံရုံးက နိုဝင်ဘာလ ၉ ရက်နေ့မှာ ကြေညာလိုက်ပါတယ်။
တောင်ကိုရီးယားရောက်နေတဲ့ မြန်မာနိုင်ငံသားတချို့ဟာ နိုင်ငံကူးလက်မှတ်တွေကို တရားမဝင် တံဆိပ်တုံးအတုတွေနဲ့ သက်တမ်းတိုးတာတွေ တွေ့နေရတယ်လို့လည်း ဆိုပါတယ်။
ဒီလိုတရားမဝင် နိုင်ငံကူးလက်မှတ် သက်တမ်းတိုးသူတွေကို အိမ်ရှင် ကိုရီးယားနိုင်ငံရဲ့ တရားဥပဒေအရ အရေးယူနိုင်ဖို့အတွက် သက်ဆိုင်ရာဝန်ကြီးဌာနတွေနဲ့ ညှိနှိုင်းဆောင်ရွက်နေတယ်လို့လည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၅ ရက်နေ့ကလည်း မြန်မာနိုင်ငံသားတွေအနေနဲ့ နိုင်ငံကူးလက်မှတ်ကိုင်ဆောင်တာနဲ့ ပတ်သက်ပြီး စည်းကမ်းချိုးဖောက်ရင် မြန်မာနိုင်ငံနဲ့ ကိုရီးယားနိုင်ငံတို့ရဲ့ ဥပဒေနဲ့ အရေးယူခံရမယ်လို့လည်း ကြေညာထားပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ တောင်ကိုရီးယားကိုယ်စားလှယ်ရုံးကနေ နိုင်ငံကူးလက်မှတ် သက်တမ်းကုန်နေတဲ့ မြန်မာနိုင်ငံသားတွေကို အခွန်အခ ပေးစရာမလိုဘဲ သက်တမ်းတိုးပေးနေတယ်လို့ တောင်ကိုရီးယားရောက် မြန်မာနိုင်ငံသားတချို့က ပြောကြပါတယ်။ တောင်ကိုရီးယားအစိုးရကလည်း NUG ရုံးက ဒီလိုသက်တမ်းတိုးပေးတာကို လက်ခံတယ်လို့လည်း ဆိုပါတယ်။
မြန်မာနိုင်ငံသားတွေ ပြောဆိုချက်အရ နှစ်နိုင်ငံ သဘောတူညီချက်နဲ့ တောင်ကိုရီးယားနိုင်ငံမှာ မြန်မာနိုင်ငံသား ခုနစ်သောင်းကျော် ရောက်ရှိနေတယ်လို့ ဆိုပါတယ်။