ထိုင်းနိုင်ငံမှာ မြန်မာထုတ်ကုန်ပစ္စည်း ၁၆၀၀၀ ကျော် သိမ်းဆည်းခံရ
2024.10.09
ထိုင်းနိုင်ငံ စမုစာခွန်ခရိုင်မှာ ထိုင်းရောက်မြန်မာနိုင်ငံသားတွေကို အဓိကထားရောင်းချဖို့အတွက် မြန်မာနိုင်ငံက တရားမဝင် တင်သွင်းထားတဲ့ မြန်မာထုတ်ကုန်ပစ္စည်း အရေအတွက် သောင်းနဲ့ချီ သိမ်းဆည်းခံရတယ်လို့ ထိုင်းနိုင်ငံအခြေစိုက် အလုပ်သမားအရေးလှုပ်ရှားသူတွေက အောက်တိုဘာလ ၉ ရက် ဒီနေ့မှာ ပြောပါတယ်။
အဲဒီခရိုင်ထဲက စတိုးဆိုင် နှစ်ဆိုင်ကို ထိုင်းအာဏာပိုင်တွေက ဝင်ရောက်စစ်ဆေးချိန်မှာ စားသောက်ကုန်နဲ့ ဆေးဝါးတွေ အပါအဝင် ကုန်ပစ္စည်းအရေအတွက် ၁၆၀၀၀ ကျော်ကို သိမ်းဆည်းရမိခဲ့တာလို့ Bangkok Post သတင်းမှာလည်း အောက်တိုဘာလ ၈ ရက်နေ့က ရေးထားပါတယ်။
မှောင်ခိုပစ္စည်း စစ်ဆေးမှုတွေကို ထိုင်းနိုင်ငံတစ်ဝန်းမှာ ပြုလုပ်နေတာဖြစ်ပြီး ဒီလထဲမှာ ဖမ်းဆီးတာတွေ ပိုများလာတာလို့ ထိုင်းတောင်ပိုင်းအခြေစိုက် ပညာရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (FED) ရဲ့ အလုပ်သမားတာဝန်ခံ ဦးမင်းဦးက RFA ကို ပြောပါတယ်။
“ဒီပစ္စည်းတွေက အစားအသောက်နဲ့ ပတ်သက်တဲ့ စံချိန်စံနှုန်းတွေ ညီ၊ မညီစစ်တာကို Pass ရရမယ်။ ရနောင်းဘက်မှာဆိုလည်း မကြာခဏ ဖမ်းမိနေတာ။ ဒီထဲကို ဝင်လာတာတွေကတော့ နယ်စပ်မှာ နည်းအမျိုးမျိုးနဲ့ ကျော်ပြီးဝင်လာတာပေါ့။ အဲဒါဆို အကောက်ခွန်ဥပဒေ၊ မှောင်ခိုတိုနဲ့ ဖမ်းလို့ရတယ်လေ။ အဓိကကတော့ အလှကုန်ပစ္စည်းနဲ့ စားသောက်ကုန်၊ ဆေးဝါးကအရေးကြီးတာ။ အန္တရာယ်ရှိနိုင်တယ် ဆိုတာမျိုးပေါ့”
အခုသိမ်းဆည်းခံရတဲ့ ပစ္စည်းတွေထဲမှာ မြန်မာနိုင်ငံကထုတ်လုပ်ပြီး ထိုင်းစာနဲ့ ရေးသားထားခြင်းမရှိတဲ့ စားသောက်ကုန်၊ ဆေးဝါး၊ ဆေးဖက်ဝင်အပင်နဲ့ အလှကုန်ပစ္စည်းတွေ ပါဝင်တယ်လို့ Bangkok Post သတင်းမှာ ဖော်ပြထားပါတယ်။
တားမြစ်ကုန်ပစ္စည်းတွေ ရောင်းချတာဟာ ဘတ်ငွေ ငါးထောင်ကနေ သုံးသောင်းအထိ ဒါမှမဟုတ် ထောင်ဒဏ် သုံးလကနေ သုံးနှစ်အထိ ချမှတ်နိုင်တယ်လို့ ထိုင်းနိုင်ငံရဲ့ ဥပဒေတွေမှာ ပြဋ္ဌာန်းထားပါတယ်။
ထိုင်းနိုင်ငံမှာ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေနဲ့ အကြောင်းအမျိုးမျိုးကြောင့် ပြောင်းရွှေ့လာကြတဲ့ မြန်မာနိုင်ငံသား အများအပြားရှိပြီး မြန်မာနိုင်ငံထုတ် ကော်ဖီမစ်၊ အသင့်သုံး သနပ်ခါး စတဲ့ ကုန်ပစ္စည်းတွေကို အသုံးပြုတဲ့ ဈေးကွက်လည်း ကျယ်ပြန့်လာတဲ့အတွက် ရောင်းဝယ်ဖောက်ကားမှုတွေ ရှိနေတာလို့ ဆိုပါတယ်။
ထိုင်းအစိုးရရဲ့ နိုင်ငံတွင်း တရားမဝင်အလုပ်သမား ရှာဖွေဖမ်းဆီးခြင်း ရက် ၁၂ဝ စီမံကိန်းအတွင်းမှာလည်း မြန်မာအလုပ်သမား နှစ်သိန်းတစ်သောင်းနီးပါးကို (၂၀၉,၄၃၅ ဦး) ဖမ်းဆီးစစ်ဆေးခဲ့တယ်လို့ ထိုင်းအလုပ်သမား ဝန်ကြီးဌာနက အောက်တိုဘာ ၅ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။