ထန်းတပင်မှာ လယ်မြေတရားမဝင်ရောင်းဝယ်မှုကို အရေးယူဖို့ ပြင်ဆင်နေ


2020.08.25

ရန်ကုန်တိုင်း၊ ထန်းတပင်မြို့နယ်မှာ လူနေထိုင်ခွင့်မရှိတဲ့ စိုက်ပျိုးမြေကို အကွက်ရိုက်ရောင်းချနေတဲ့ စျေးကွက်ရှိနေပါတယ်။ လယ်ယာမြေတွေကို တရားမဝင်နည်းနဲ့ ရောင်းသူ၊ ဝယ်သူ အားလုံးကို ထန်းတပင်မြို့နယ် အုပ်ချုပ်ရေးအဖွဲ့က တရားစွဲဆိုဖို့ စီစဉ်နေပါတယ်။

ထန်းတပင်မြို့နယ် အနောက်ပိုင်းတက္ကသိုလ် အနားရန်ကုန် - ပုသိမ် ကားလမ်းမနဲ့ နီး တဲ့ လယ်ကွက်တွေကို ၊ လူနေအိမ်ကွက်တွေအဖြစ် ရောင်း ထားတာတွေ တော်တော်များများ ရှိနေ ပြီး၊ ဒီလိုဥပဒေကျော်လုပ်ရပ်တွေကို အရေးယူဖို့ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့က စီစဉ်နေတာပါ။

လယ်မြေတွေမှာ ဓာတ်တိုင်တွေ စိုက်ထားပြီး ပြီဖြစ်လို့ လျှပ်စစ်မီးရနေပြီဆိုတဲ့ မက်လုံးတွေနဲ့ စျေးခေါ် နေသလို၊ အကွက်ရိုက်ထားတဲ့မြေပုံ တွေကို ဆိုရှယ်မီဒီယာမှာ ကြော်ညာတင်နေပြီး၊ အရစ်ကျ ငွေချေတဲ့စနစ်နဲ့ပါ ရောင်းတာမျိုးတွေ ရှိနေပါတယ်။

အဲဒီနေရာမှာ ပေ ၂၀၊ ပေ ၆၀ မြေကွက်တစ်ခုကို ၃၅ သိန်းနဲ့ဝယ်ထားတဲ့ ရန်ကုန်မြို့က မနန်းဇာလှိုင်က...

"မီးတွေလျှောက်တာ ချပေးတယ် တဲ့။ လမ်းမီးတွေရော ရပြီ၊ လူနေပြီ ဆိုတာနဲ့ ကိုယ့်အိမ်ကို မီးသွယ်လို့ရပြီ။ မီတာဘောက်စ် လျှောက်တာနဲ့ ချပေးတယ်လို့ ပြောတယ်။ ရှေ့နေနဲ့ စာချုပ်နဲ့ ဝယ်ထားတာ။ အဲ့တိုက်အကြီးကြီးတွေတောင် ရှိတယ်။ ဆောက်ပြီးတော့ ငှားစားထားကြတာပေါ့။ ကျောင်းသူကျောင်းသားတွေကို"

မြန်မာနိုင်ငံရဲ့ တည်ဆဲဥပဒေအရ စိုက်ပျိုးမြေမှာ နေအိမ်တွေ တည်ဆောက်ဖို့ ခွင့်ပြုမထားပါဘူး။ ဒါကို အရောင်းအဝယ်လုပ်နေတာ ဥပဒေနဲ့ မညီဘူးဆိုတာ ရောင်းသူရော၊ ဝယ်သူပါ သတိထားသင့်တယ်လို့ တောင်သူလယ်သမား အကျိုးဆောင်ကွန်ရက် တာဝန်ခံ ဦးဇော်ရမ်းက ထောက်ပြပါတယ်။

"အကွက်ရိုက်ရောင်းချနေတာက လယ်သမားတွေကိုယ်တိုင်နဲ့ တချို့လည်း ဥပဒေကို နားမလည်တဲ့သူတွေ ပါဝင်တာတွေ့ရတယ်။ တကယ်တမ်းဥပဒေကို နားလည်တယ်ဆိုရင် ဥပဒေ နည်းဥပဒေတွေအရ ဒီမြေတွေကို ရောင်းချနိုင်ခွင့်ရှိတဲ့အတိုင်း လျှောက်ထားပြီးမှ ရောင်းချလို့ရမယ်"

လယ်ယာမြေတွေကို လူနေဖို့ လျှောက်ထားတာမျိုး မရှိဘဲ စားသောက်ဆိုင်၊ စက်ရုံအလုပ်ရုံ၊ စီးပွားရေး လုပ်ငန်းလုပ်နေတာလည်း ရှိနေပါတယ်။

ထန်းတပင်မြို့နယ် အမှတ် (၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဌေးမော်က ရွာနား က မြေကွက်တွေကို လိုအပ်ချက်အရ တိုးချဲ့မြေအဖြစ် လျှောက်ထားနိုင်ပေမယ့် လူသူအရောက်အပေါက်နည်းတဲ့ လယ်ကွင်းတွေမှာပါ အရောင်းအဝယ်လုပ်နေတာကို ကန့်ကွက်ပါတယ်။

ဒီလို ဥပဒေမဲ့ လုပ်နေတာနဲ့ ပတ်သက်လို့ ထန်းတပင်မြို့နယ် အမှတ် (၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဘုန်းကျော်စံဦးက ၂၀၁၆ ခုနှစ်လောက်စလို့ ရန်ကုန်တိုင်းလွှတ်တော်မှာ ၆ ကြိမ်လောက် အဆိုတွေ တင်ခဲ့ ပြီး၊ တိုင်းအစိုးရကတော့ အရေးယူမယ်ဆိုတာမျိုး ပြန်ဖြေခဲ့ဖူးပါတယ်။

အဲဒီနေရာမှာ ၂၀၁၂ ခုနှစ်က တည်းက အကွက်ရိုက်ရောင်းနေတာ အခုဆို ၉၀ ရာခိုင်နှုန်းလောက်တောင် ရောင်းပြီးသားဖြစ်နေပြီလို့ လွှတ်တော်ကိုယ်စားလှယ်တွေက ခန့်မှန်းကြပါတယ်။

၂၀၁၃ ခုနှစ်က ပြင်ဆင်လိုက်တဲ့ လယ်ယာမြေဥပဒေအရ လယ်ယာမြေကို အခြားနည်းသုံးစွဲခွင့်မရှိဘဲ လူနေထိုင်ဖို့ ရောင်းချတယ်ဆိုရင် ရောင်းချလိုက်တဲ့ လယ်ယာမြေနဲ့ သက်ဆိုင်သူအားလုံးကို တရားစွဲဆိုနိုင်မှာ ဖြစ်ပါတယ်။

လယ်ယာမြေကို အခြားနည်းသုံးစွဲခွင့် လျှောက်မထားဘဲ၊ လူနေတာ၊ အဆောက်အဦးဆောက်တာမျိုးတွေ အသုံးပြုနေတယ်ဆိုရင် ဥပဒေအရ အမြင့်ဆုံး ထောင်ဒဏ်နှစ်နှစ်အထိ ချမှတ်နိုင်သလို ဒဏ်ငွေလဲ ချမှတ်နိုင်ပါတယ်။

ဒါကြောင့် တရားမဝင် အရောင်းအဝယ်လုပ်နေတဲ့အထဲမှာ ပါဝင်ပတ်သက်နေတဲ့သူအားလုံးကို တရားစွဲဖို့ လယ်ယာမြေစီမံခန့်ခွဲရေးနဲ့ စာရင်းအင်းဦးစီးဌာန အဆင့်ဆင့်က ပြင်ဆင်နေတယ်လို့ ထန်းတပင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသန်းဇော်လင်းက ပြောပါတယ်။

"အရင်တုန်းက တရားစွဲရင် ပုံစံ ရ အမည်ပေါက်တဲ့သူတွေကို တရားစွဲတာပေါ့။ နောက်ပြင်တဲ့ဥပဒေ အရ လယ်ယာမြေနဲ့ သက်ဆိုင်တဲ့သူတွေ အားလုံး ဆိုတော့ ဝယ်တဲ့သူတွေပါ အရေးယူခံရနိုင်တယ်။ သက်ဆိုင်တဲ့သူတွေကို စာရင်းတွေ ပြုစုနေတယ် ပြီးတော့ လယ်ယာမြေ စီမံခန့်ခွဲမှု အဆင့်ဆင့်ကို တင်ပြ၊ တိုင်းလယ်စီက ခွင့်ပြုတယ်ဆိုရင် အစိုးရအဖွဲ့ကို တင်ပြ၊ အစိုးရအဖွဲ့က ခွင့်ပြုတယ်ဆိုရင် မြို့နယ်လယ်စီက အရေးယူဆောင်ရွက်ရမှာပေါ့"


မြေယာပြဿနာလေ့လာထားသူတွေကတော့ ကျေးရွာနဲ့ ကပ်နေတဲ့ လယ်မြေတွေမှာ နှစ်ပေါင်းများစွာ နေထိုင်ပြီးသားသူတွေကိုတော့ အစိုးရကိုယ်တိုင် စီမံချက်ရေးပြီး နေထိုင်ခွင့် တရားဝင် ဖြစ်အောင် လုပ်ပေးရင် သင့်လျော်မယ်လို့ အကြံပြုကြပါတယ်။

ဒါပေမဲ့ ဒီလို ခြွင်းချက်ထားပြီး လုပ်ပေးမယ်ဆိုရင်လည်း ဒီအချက်ကို အခွင့်ကောင်းယူပြီး တလွဲအသုံးချမယ့်သူတွေလည်း ရှိတတ်တာကြောင့် မြေယာအရေးပတ်သက်သူတွေနဲ့ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးညှိနှိုင်းပြီးမှသာ ဆောင်ရွက်သင့်တယ်လို့ ထောက်ပြကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။