၂၀၂၅ မှာလုပ်မဲ့ ILO ညီလာခံမှာ အလုပ်သမား၊ အလုပ်ရှင်ကိုယ်စားပြုတွေကို လက်ခံမည်

RFA Burmese
2024.11.11
၂၀၂၅ မှာလုပ်မဲ့ ILO ညီလာခံမှာ အလုပ်သမား၊ အလုပ်ရှင်ကိုယ်စားပြုတွေကို လက်ခံမည် ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့တွင် ၁၁၂ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားညီလာခံဖွင့်ပွဲ အခမ်းအနားကို ၂၀၂၄ ခုနှစ်၊ ဇွန်လ ၃‌ ရက်နေ့တွင် ကျင်းပခဲ့စဉ်။
Ania Freindorf / ILO

အလုပ်သမားအခွင့်အရေးချိုးဖောက်ပြီး အဓမ္မ လုပ်အားပေးစေခိုင်းမှုတွေကို အစဉ်တစိုက် ကျူးလွန်နေတဲ့ စစ်ကောင်စီကို ၂၀၂၅ ခုနှစ် ဇွန်လမှာကျင်းပမဲ့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ ILO ညီလာခံမှာ ILO ရဲ့ အခြေခံ ဥပဒေပုဒ်မ - ၃၃ (Article 33) အရ အရေးယူမဲ့ အတည်ပြုချက်တစ်ခုကို ILO အုပ်ချုပ်မှုကော်မတီက ချမှတ်လိုက်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ လူ့အခွင့်အရေး ဝန်ကြီး ဦးအောင်မျိုးမင်းက သူ့ရဲ့ လူမှုကွန် ရက်စာမျက်နှာမှာ ရေးသားထားပါတယ်။

၂၀၂၅ ILO ညီလာခံမှာ နိုင်ငံကိုယ်စားပြုတဲ့ အလုပ်သမားကိုယ်စားလှယ်နဲ့ အလုပ်ရှင်ကိုယ်စားလှယ်တွေကိုလည်း လက်ခံဆွေးနွေးခွင့်ပြုသွားမယ်လို့ ILO ရဲ့ အုပ်ချုပ်မှု ကော်မတီအစည်းအဝေးမှာ ဆုံးဖြတ်လိုက်ပါတယ်။

ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့မှာ အောက်တိုဘာလ ၂၈ ရက်ကနေ နိုဝင်ဘာလ ၇ ရက်နေ့အထိ ကျင်းပခဲ့တဲ့ ILO ရဲ့ အုပ်ချုပ်မှုကော်မတီ အစည်းအဝေးမှာ အခုဆုံးဖြတ်ချက်ကို ချမှတ်လိုက်တာလို့ ILO အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (CTUM) က မဖြိုးစန္ဒာစိုးက RFA ကို ပြောပါတယ်။

ဒီအစည်းအဝေးမှာ ILO ရုံးချုပ်ကနေ အောက်တိုဘာလ ၁ ရက်နေ့မှာ အလုပ်သမားကိုယ်စားလှယ်နဲ့ အလုပ်ရှင်ကိုယ်စားလှယ်ကို လက်ခံပေးဖို့ တင်သွင်းခဲ့တာပါ။ ဒါကြောင့် ခန့်အပ်မဲ့ အလုပ်သမားကိုယ်စားလှယ်ကို အပြည်ပြည်ဆိုင်ရာ အလုပ်သမားသမဂ္ဂက ဆုံးဖြတ်ပြီး အလုပ်ရှင်ကိုယ်စားလှယ်ကိုတော့ အပြည်ပြည်ဆိုင်ရာ အလုပ်ရှင်အဖွဲ့ချုပ်က ဆုံးဖြတ်မှာ ဖြစ်တယ်လို့ မဖြိုးစန္ဒာစိုးက ပြောပါတယ်။

"ILO က အလုပ်ရှင် အလုပ်သမား အစိုးရ သုံးပွင့်ဆိုင် ယန္တရား ဖြစ်တယ်။ နှစ်ပွင့်တည်း လက်ခံလို့မရဘူး။ လုပ်ထုံးလုပ်နည်းတွေကို ပြန်ကြည့်ပြီးတော့ ခြွင်းချက်အနေနဲ့ အားလုံးသဘောတူပြီးတော့ မြန်မာနိုင်ငံကို ထူးခြားဖြစ်စဉ်အနေနဲ့ အလုပ်ရှင်နဲ့ အလုပ်သမားကိုယ်စားလှယ်ကို နိုင်ငံကိုယ်စားပြုလက်ခံသွားမယ်"

စစ်တပ်အာဏာမသိမ်းခင်ကတော့ ILO ညီလာခံကို သွားရောက်တဲ့ အလုပ်သမားကိုယ်စားလှယ်ကို နိုင်ငံတွင်းမှာရှိတဲ့ အလုပ်သမားသမဂ္ဂတွေက ရွေးချယ်ပြီး နိုင်ငံရဲ့ အစိုးရကနေ ထောက်ခံပြီးတော့ တက်ရောက်တာ ဖြစ်ပါတယ်။ အာဏာသိမ်ပြီးတဲ့နောက်ပိုင်း နှစ်အဆက်ဆက်ကျင်းပလာတဲ့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ (ILO) ရဲ့ ညီလာခံမှာ မြန်မာနိုင်ငံရဲ့ ကိုယ်စားလှယ်တွေ တက်ရောက်ခွင့်မရခဲ့ဘဲ အခုလာမဲ့ တစ်ကြိမ်မှာတော့ ပထမဆုံးအနေနဲ့ ပြန်တက်ရောက်ရမှာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။