အလုပ်သမားသမဂ္ဂ ခေါင်းဆောင်ကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ ILO တောင်းဆို

2023.07.13
အလုပ်သမားသမဂ္ဂ ခေါင်းဆောင်ကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ ILO တောင်းဆို မြန်မာနိုင်ငံ စက်မှုလက်မှုနဲ့ ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (MICS-TUsf) အထွေထွေ အတွင်းရေးမှူးချုပ် ကိုသက်နှင်းအောင်အား တွေ့ရစဉ်။
Thet Hnin Aung/ Facebook

မြန်မာနိုင်ငံစက်မှုလက်မှုနဲ့ ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (MICS-TUsF) အထွေထွေအတွင်းရေးမှူးချုပ် ကိုသက်နှင်းအောင်ကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ ကမ္ဘာ့အလုပ်သမားအဖွဲ့ချုပ် (ILO) က ကြေညာချက်ထုတ် တောင်းဆိုလိုက်ပါတယ်။

ကိုသက်နှင်းအောင်ဟာ ပြီးခဲ့တဲ့ ဇွန် ၂၆ ရက်နေ့က ထောင်ဒဏ်လွတ်ရက်စေ့ပေမဲ့ ပြန်မလွတ်သေးဘဲ ပျောက်ဆုံးနေလို့ စိုးရိမ်ကြောင်းနဲ့ အမြန်ဆုံးပြန်လွှတ်ပေးဖို့ ILO ရဲ့ ဘန်ကောက်ရုံးက ဇူလိုင်လ ၁၂ ရက်နေ့က ကြေညာချက်ထုတ်ပြန် တောင်းဆိုလိုက်တာပါ။

မြန်မာနိုင်ငံဟာ ILO အဖွဲ့ဝင်ဖြစ်တာကြောင့် ၁၉၄၈ ခုနှစ် လွတ်လပ်စွာအသင်းဖွဲ့စည်းခွင့်နှင့် စည်းရုံးခွင့် ကာကွယ်ရေးဆိုင်ရာ ILO သဘောတူစာချုပ် အမှတ် ၈၇ အရ ချက်ချင်းပြန်လွှတ်ပေးဖို့ စစ်ကောင်စီကို တိုက်တွန်းထားပါတယ်။

အလုပ်သမားနဲ့ အလုပ်ရှင်တွေ အကြမ်းဖက်မှုနဲ့ ခြိမ်းခြောက်ခံရမှုကနေ ကင်းဝေးပြီး လွတ်လပ်စွာ အသင်းအဖွဲ့ ဖွဲ့စည်းခွင့်ရှိရမယ်လို့လည်း တိုက်တွန်းထားပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် MICS-TUsF ရုံးခန်းနဲ့ နေအိမ်တွေကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းရှာဖွေခဲ့ပါတယ်။

ဒါကြောင့် ကိုသက်နှင်းအောင်က ထွက်ပြေးတိမ်းရှောင်နေချိန် ကရင်ပြည်နယ်၊ မြ၀တီမြို့မှာ ၂၀၂၁ ခုနှစ်၊ ဇွန်လက ဖမ်းခံခဲ့ရတာပါ။

အဲဒီ့နောက်မှာ မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇ (၁)နဲ့တရားစွဲပြီး ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၅ ရက်နေ့က အလုပ်ကြမ်းနဲ့ထောင်ဒဏ် နှစ်နှစ်အပြင် ငွေဒဏ် ကျပ်နှစ်သောင်းပါချခံခဲ့ရတာဖြစ်ပါတယ်။

ကိုသက်နှင်းအောင်ကို သထုံမြို့က စျေးမသွယ်အကျဉ်းထောင်မှာ အကျဉ်းချထားပြီး ပြန်လွတ်ရမဲ့ ရက်ကျော်လွန်နေပေမဲ့ ဘယ်ကိုရောက်နေလည်း မသိရဘဲ ပျောက်ဆုံးနေတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။