တနင်္သာရီတိုင်းမှာ တစ်လအတွင်း စစ်ဘေးဒုက္ခသည် ငါးထောင်ကျော်တိုးလာ

RFA Burmese
2023.09.11
တနင်္သာရီတိုင်းမှာ တစ်လအတွင်း စစ်ဘေးဒုက္ခသည် ငါးထောင်ကျော်တိုးလာ တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်မှ စစ်ဘေးဒုက္ခသည်များအား ၂၀၂၃ ခုနှစ်၊ ဧပြီလ ၆ ရက်‌နေ့က တွေ့ရစဉ်။
နွေဦးမေတ္တာစစ်ဘေးရှောင်ကူညီပံ့ပိုးရေးအဖွဲ့

တနင်္သာရီတိုင်းမှာ ဩဂုတ်လအတွင်း စစ်ကြောင်းထိုးမှု၊ လက်နက်ကြီးပစ်ခတ်မှုနဲ့ တိုက်ပွဲတွေကြောင့် စစ်ဘေးဒုက္ခသည် ငါးထောင်ကျော် တိုးလာတယ်လို့ ဒုက္ခသည်တွေကို ကူညီနေတဲ့ ဒေါနတနင်္သာရီအဖွဲ့က ဒီနေ့ စက်တင်ဘာလ ၁၁ ရက်မှာ ထုတ်ပြန်ပါတယ်။

၂၀၂၃ ခုနှစ် ရှစ်လတာအတွင်းမှာလည်း အိုးအိမ်စွန့်ခွာထွက်ပြေးမှု ဒုတိယအများဆုံးလ ဖြစ်ပါတယ်။ အာဏာသိမ်းချိန်ကနေ လက်ရှိအချိန်အထိ တနင်္သာရီတိုင်းအတွင်း စစ်ဘေးဒုက္ခသည် သုံးသောင်းခွဲနီးပါး ရှိလာပါပြီ။

ဒေါနတနင်္သာရီအဖွဲ့ရဲ့ စာရင်းတွေအရ ပုလောမြို့နယ်မှာ တစ်သောင်းကျော်၊ ရေဖြူမြို့နယ်မှာ ရှစ်ထောင်ဝန်းကျင်၊ လောင်းလုံးမြို့နယ်မှာ ၆၅၀၀ ကျော်၊ တနင်္သာရီမြို့နယ်မှာ လေးထောင်ကျော်၊ သရက်ချောင်းမြို့နယ်မှာ သုံးထောင်ကျော်၊ ထားဝယ်မြို့နယ်မှာ နှစ်ထောင်ကျော်နဲ့ ကော့သောင်း မြို့နယ်မှာ စစ်ဘေးဒုက္ခသည် တစ်ရာကျော် ရှိပါတယ်။

ဒီစာရင်းတွေဟာ မြေပြင်က အချက်အလက်တွေနဲ့ မီဒီယာတွေမှာ ဖော်ပြထားတဲ့ အချက်အလက်တွေကို ကောက်ယူထားပြီး ခေတ္တတိမ်းရှောင်နေရသူတွေနဲ့ အမြဲတမ်း တိမ်းရှောင်နေရတဲ့ ဒုက္ခသည်တွေ ပါဝင်နေတယ်လို့ ဒေါနတနင်္သာရီက ဆိုပါတယ်။

ဒါနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ တနင်္သာရီတိုင်း ပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးသန့်ဇင်ကို RFA က ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေဆိုတာ မရှိပါဘူး။

RFA က ပြုစုထားတဲ့စာရင်းအရ ၂၀၂၃ ခုနှစ် ဇန်နဝါရီလကနေ စက်တင်ဘာလ ၉ ရက် အထိ တနင်္သာရီတိုင်းအတွင်း လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ဆယ်ဦးသေဆုံးပြီး ၄၉ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။