ဝိုင်းမော်မြို့ကို စစ်ကောင်စီတပ် လုံခြုံရေး တင်းကျပ်
2024.12.03
ကချင်ပြည်နယ်မြို့တော် မြစ်ကြီးနားမြို့ရဲ့ ဧရာ၀တီမြစ်တစ်ဖက်ကမ်းက ၀ိုင်းမော်မြို့မှာ စစ်ကောင်စီတပ်က အင်အားတိုးချထားပြိး လုံခြုံရေးတင်းကျပ်ထားသလို စစ်ဘေးဒုက္ခသည်စခန်းတွေကိုလည်း လိုက်လံစစ်ဆေးတာတွေလုပ်နေတယ်လို့ ဒေသခံတွေက ဒီဇင်ဘာလ ၃ ရက်နေ့မှာ ပြောပါတယ်။
တရုတ်-မြန်မာနယ်စပ် ကချင်အထူးဒေသ (၁) က ပန်ဝါနဲ့ ကန်ပိုက်တီမြို့တွေကို ကချင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KIA) က သိမ်းပိုက်လိုက်ပြီးနောက်ပိုင်း ၀ိုင်းမော်မြို့မှာ လုံခြုံရေးတင်းကျပ်လာတာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။
"ပန်ဝါ၊ ကန်ပိုက်တီတွေ သိမ်းခံရပြီးကတည်းက မြို့အတွင်းမှာ လုံခြုံရေးတွေကို ပိုပြီး တိုးမြှင့်လာတယ်။ မြို့အဝင်၊ အထွက်လိုနေရာတွေမှာ နေရာယူပြီး အသင့်စောင့်တဲ့ ပုံစံတွေကို ပိုတွေ့လာရတယ်။ မနေ့ကလည်း နောင်းချိန်းက စစ်ဘေးဒုက္ခသည်စခန်းကို ဝင်စစ်သွားတယ်။ ဒုက္ခသည်စခန်းမှာ လူဘယ်နှစ်ယောက်နေတာလဲ၊ KIA တွေ ရှိလားဆိုပြီး လာစစ်သွားတယ်"
ဧရာဝတီမြစ် အရှေ့ဘက်ခြမ်းက လွယ်ဂျယ်၊ မိုးမောက်၊ ဒေါ့ဖုန်းယန်၊ ချီဖွေ၊ ပန်ဝါ၊ ဆော့လော်၊ ဆဒုံးနဲ့ ကန်ပိုက်တီမြို့တွေကို KIA ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းယူထားတာပါ။
မြစ်အရှေ့ဘက်ခြမ်းမှာပဲ နယ်မြေတစ်ဆက်တည်းဖြစ်နေတဲ့ ရွှေကူ၊ ဗန်းမော်နဲ့ ဝိုင်းမော်မြို့တွေကိုတော့ စစ်ကောင်စီက ထိန်းချုပ်ထားပြီး စစ်အင်အားဖြည့်တင်းတာနဲ့ လုံခြုံရေးတင်းကျပ်တာတွေကို လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီအခြေအနေနဲ့ ပတ်သက်ပြီး တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ ကချင်ပြည်နယ် ပြောရေးဆိုခွင့်ရှိသူ ပြည်နယ်လူမှုရေးဝန်ကြီး ဦးမိုးမင်းသိန်းကို RFA က ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။
၂၀၂၄ ခုနှစ် နှစ်စပိုင်းကနေ လက်ရှိအချိန်အထိ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက မြို့ ၁၃ မြို့နဲ့ စစ်တပ်စခန်းပေါင်း ၂၂၀ ခန့်ကို KIA နဲ့ ပူးပေါင်းအဖွဲ့တွေက သိမ်းပိုက်ထိန်းချုပ်ထားပါတယ်။