အင်းတော်မြို့နယ်တိုက်ပွဲကြောင့် ဒေသခံတစ်ထောင်ကျော် ထွက်ပြေးရ

RFA Burmese
2023.05.25
အင်းတော်မြို့နယ်တိုက်ပွဲကြောင့် ဒေသခံတစ်ထောင်ကျော် ထွက်ပြေးရ စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသည့် ရွာသာယာဘုန်းကြီးကျောင်းအား ၂၀၂၃ ခုနှစ်၊ မေလ ၂၃ ရက်နေ့က တွေ့ရစဉ်။
Indaw Revolution-Ir

စစ်ကိုင်းတိုင်း အင်းတော်မြို့နယ်မှာ ပြီးခဲ့တဲ့ မေ ၂၂ ရက်ကစလို့ တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ရွာသာယာနဲ့ ကျွန်းတောကျေးရွာတွေဘက်ကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ တိုက်ခိုက်နေတာကြောင့် ဒေသခံ တစ်ထောင်ကျော်ခန့် အိုးအိမ်စွန့်ခွာထွက်ပြေးနေကြ ရတယ်လို့ PDF အဖွဲ့တစ်ခုဖြစ်တဲ့ Indaw Revolution-Ir အဖွဲ့ရဲ့  ပြန်ကြားရေးတာဝန်ခံက RFA ကို ပြောပါတယ်။

တိုက်ပွဲဖြစ်ပွားနေတဲ့ ဗန်းမောက်မြို့နယ်ကို စစ်ကူသွားမယ့်အဖွဲ့ကို PDF တွေနဲ့ ကျောင်းသားတပ်မတော် (ABSDF) တို့က အင်းတော်မြို့နယ် မော်တိတ်နဲ့ ရွာသာယာရွာ နားမှာ ကြားဖြတ်တိုက်ခိုက်ခဲ့ရာကနေ တိုက်ပွဲတွေ ဖြစ်ပွားနေတာလို့ ပြောပါတယ်။ မေ ၂၃ နဲ့ ၂၅ ရက် ဒီနေ့မှာတော့ စစ်ကောင်စီက လေကြောင်းနဲ့ပါ တိုက်ခိုက်နေတာလို့ Indaw Revolution-Ir အဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

“ဒီနေ့နေ့လယ်လည်း ထပ်ကြဲသွားပြန်ပြီ။ မနေ့ကတော့ မကြဲဘူး။ ဟိုတစ်နေ့က ကြဲတယ်။ ဒီနေ့ကြဲတာက လေယာဉ်တစ်စင်းနဲ့ပဲ ပတ်ကြဲသွားတာ။ တိုက်ပွဲက မနက် ၅ နာရီလောက်ကတည်းကဖြစ်နေတာ အခုထိပဲ။ အင်းတော်လက်နက်ကြီးကုန်းကလည်း လက်နက်ကြီးတွေလည်း အချက်ရေ ၂၀ ကျော်လောက်ပစ်ပြီး ဒီနေ့ ၁၀ နာရီကျော် လောက်မှာ လေယာဉ်နဲ့လာကြဲသွားတာ။ ဗန်းမောက်ဘက်မှာလည်း ဆက်တိုက်ကို ကြဲနေတာ။ တိုက်ပွဲလည်းဖြစ်နေတာ”

တိုက်ပွဲဖြစ်ပွားတဲ့အတွက် နေအိမ် ၃၀၀ ကျော်ရှိတဲ့ ကျွန်းတော ရွာက ပြည်သူ ၁၀၀၀ ကျော် ထွက်ပြေး တိမ်းရှောင်နေရတာလို့ ပြောပါတယ်။ နန့်သာ၊ မှော်တိတ်၊ အောင်းကုန်း၊ အင်ပင်တို့က အရင်နှစ်လ ကျော်ကတည်းက ရှောင်နေကြတာဖြစ်ပြီး ကျွန်းတောရွာက တော့ အခုမှ တိမ်းရှောင်ကြရတာလို့ ပြောပါတယ်။

မေ ၂၃ ရက်နေ့က လေယာဉ် သုံးစင်းနဲ့ လာပစ်ခဲ့တာကြောင့် ရွာသာရွာက ဘုန်းကြီး ကျောင်းလည်း ပျက်စီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီဖြစ်ဉ်တွေနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က တစ်စုံတစ်ရာထုတ်ပြန်ထားတာ မရှိသေးသလို စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောရေးဆိုခွင့်ရှိသူ လူမှုရေးဝန်ကြီး ဦးအေးလှိုင်ကို RFA က ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားတာ မရှိခဲ့ပါဘူး။

စစ်ကိုင်းတိုင်း အင်းတော်မြို့နယ်နဲ့ ဗန်းမောက်မြို့နယ်မှာ ၂၀၂၃ မတ်လနောက်ဆုံးပတ်က နေ ဧပြီ ပထမပတ်အထိလည်း တိုက်ပွဲတွေပြင်းထန်ခဲ့ပြီး စစ်ကောင်စီက လေကြောင်း တိုက်ခိုက်တာတွေ ရှိခဲ့ပါတယ်။  

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။