အင်းတော်မြို့သိမ်းတိုက်ပွဲအတွင်း ကလေးတစ်ဦးအပါအဝင် သုံးဦး သေဆုံး
2024.08.22
စစ်ကိုင်းတိုင်း၊ အင်းတော်မြို့မှာ နှစ်ဖက်တိုက်ပွဲဖြစ်နေတဲ့ တစ်ပတ်အတွင်း ကလေးတစ်ဦး အပါအဝင် အရပ်သား သုံးဦး သေဆုံးပြီး သုံးဦး ဒဏ်ရာရခဲ့တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ အင်းတော်ဒေသခံတွေက RFA ကို ပြောပါတယ်။
သေဆုံးသူတွေဟာ အသက် (၁၃) နှစ်အရွယ် မပန်းအိဖြူနဲ့ အမည်မသိရသေးတဲ့ အမျိုးသားနှစ်ဦး ဖြစ်တယ်လို့ ဆိုပါတယ်။
သူတို့ဟာ စစ်ကောင်စီရဲ့ လက်နက်ကြီးနဲ့ ဒရုန်းပစ်ခတ်မှုကြောင့် ထိခိုက်သေဆုံးတာဖြစ်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ အင်းတော်ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“တိုက်ပွဲစတဲ့ ၁၆ ရက်နေ့မှာ နဘားရွာ ရှမ်းကုန်းရပ်ကွက်က သားအမိ လက်နက်ကြီးထိတာ မိခင်ကတော့ ဒဏ်ရာရတယ်။ သမီးက ပွဲချင်းပြီးသေသွားတယ်။ ပြီးတော့ နဘား ဆက်သွယ်ရေးရုံးနဲ့ နဘားရွာမ ရပ်ကွက်ကိုလက်နက်ကြီးကျလို့ အမျိုးသားနှစ်ယောက် ဒဏ်ရာရတယ်။ တစ်ယောက်က ခြေထောက် ဖြတ်ရတယ်။ ၁၈ ရက်မှာလည်း အင်းတော်မြို့ပေါ်မှာ စစ်ကောင်စီပစ်တဲ့ဒရုန်းကြောင့် အမျိုးသား နှစ်ယောက်သေတယ်”
ဩဂုတ်လ ၁၆ ရက်နေ့ကစပြီး အင်းတော်မြို့နယ် နဘားရွာက စစ်ကောင်စီတပ်စခန်းနဲ့ အင်းတော်မြို့ပေါ်က စစ်ကောင်စီရဲ့ တပ်စခန်းတွေကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ ပူးပေါင်းတိုက်ခိုက်နေတာဖြစ်ပြီး ဒီနေ့ထိ တိုက်ပွဲပြင်းထန်နေဆဲဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အင်းတော်မြို့သိမ်းတိုက်ပွဲ တစ်ပတ်အတွင်း ဩဂုတ်လ ၁၆ ရက်နဲ့ ၁၇ ရက်တွေမှာ ရွှေဘို - မြစ်ကြီးနား ကားလမ်းဘေး နဘားရွာက စစ်ကောင်စီစခန်း သုံးခုကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေ သိမ်းယူနိုင်ခဲ့ပါတယ်။
တိုက်ပွဲကြောင့် အင်းတော်မြို့ပေါ်က ဒေသခံနှစ်သောင်းကျော်ကလည်း ဩဂုတ်လ ၁၆ ရက်နေ့ကစလို့ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူ လူမှုရေး၀န်ကြီး ဦးညွန့်၀င်းအောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ ဖြေဆိုဖို့ မအားလပ်သေးကြောင်း ပြောပါတယ်။
ထီးချိုင့်မြို့နယ်မှာလည်း စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲပြင်းထန်နေပြီး ဩဂုတ် ၂၁ ရက်နေ့က စစ်ကောင်စီတပ်ရဲ့ ကာကင်းစခန်းသုံးခုကို သိမ်းယူထားပါတယ်။