အင်းတော်မှာ တိုက်ပွဲတွေကြောင့် ဒေသခံ နှစ်သောင်းခန့် မြို့ကိုစွန့်ခွာ

RFA Burmese
2024.08.19
အင်းတော်မှာ တိုက်ပွဲတွေကြောင့် ဒေသခံ နှစ်သောင်းခန့် မြို့ကိုစွန့်ခွာ စစ်ကိုင်းတိုင်း၊ အင်းတော်မြို့တစ်နေရာကို တွေ့ရစဉ်။
Facebook/ အင်းတော်မြို့ ကိုယ်ထူကိုယ်ထ လှည့်ကင်းအဖွဲ့

စစ်ကိုင်းတိုင်းအထက်ပိုင်း အင်းတော်မြို့မှာ မြို့ပေါ်အထိ တိုက်ပွဲတွေပြင်းထန်နေပြီး စစ်ကောင်စီတပ်ကလည်း လေကြောင်းကနေ တိုက်ခိုက်နေတာကြောင့် မြို့ပေါ်မှာနေထိုင်တဲ့ လူဦးရေ နှစ်သောင်းခန့် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ ဒေသခံတွေက ဩဂုတ်လ ၁၉ ရက်နေ့မှာ ပြောပါတယ်။

ဩဂုတ်လ ၁၆ ရက်နေ့ကစလို ဒီနေ့အထိ လေးရက်တာ တိုက်ပွဲတွေပြင်းထန်နေပြီး အင်းတော်မြို့ ရဲစခန်းနဲ့ စစ်ကောင်စီတပ် အထိုင်ချနေရာတွေကို ကာကွယ်ရေးပူးပေါင်းတပ်တွေက ဝင်ရောက်တပ်ခိုက်နေတာလို့ ဆိုပါတယ်။

တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်က မြို့ပေါ်ကို ဗုံးကြဲတိုက်ခိုက်တာကြောင့် ထွက်ပြေးတိမ်းရှောင်နေရတာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“အင်းတော်က ၁၆ ရက်နေ့ကစပြီး တိုက်ပွဲဖြစ်နေတာ။ စစ်တပ်က မြို့ထဲကို လေယာဉ်နဲ့ ဗုံးကြဲလို့ ဒေသခံတွေ အကုန်ပြေးကုန်ပြီ။ အများပိုင်းကတော့ ကချင်ဘက်ကို ပြေးကြတယ်။ မြို့ပေါ်မှာ ဒေသခံတွေ မရှိတော့ဘူး။ ထိခိုက်သေဆုံးမှုတွေတော့ မသိရဘူး”

တိုက်ပွဲတွေ စဖြစ်ကတည်းက မြစ်ကြီးနား-မန္တလေးလမ်းပေါ်မှာရှိတဲ့ အင်းတော်မြို့နယ်နဲ့ မိုးညှင်းမြို့နယ်အစပ်က နန့်စီးအောင်ဂိတ်ကို စစ်ကောင်စီတပ်က နေရာယူထားပြီး လက်ရှိမှာ သွားလာခွင့် ပိတ်ထားတယ်လို့ သူက ဆိုပါတယ်။

စစ်ကိုင်းတိုင်းအထက်ပိုင်း ပင်လည်ဘူးမြို့မှာလည်း ဩဂုတ်လ ၁၄ ရက်နေ့ကစလို့ တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူ တိုင်းလူမှုရေး၀န်ကြီး ဦးညွန့်၀င်းအောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ ဖြေဆိုဖို့ မအားလပ်သေးကြောင်း ပြောဆိုပါတယ်။

စစ်ကိုင်းတိုင်းအောက်ပိုင်းက ဒီပဲယင်းမြို့ကိုတော့ ကာကွယ်ရေးပူးပေါင်းတပ်တွေက ဩဂုတ်လ ၁၈ ရက်နေ့မနက်ပိုင်းမှာ မြို့ပေါ်အထိ ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပေမဲ့ စစ်ကောင်စီတပ်က လေကြောင်းသုံး တိုက်ခိုက်ပြီး အဲဒီနေ့ညနေပိုင်းမှာ ပြန်လည်ထိန်းချုပ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။