အင်းတော်မှာ အရပ်သားတစ်ရာကျော် သုံးလကျော်ကြာ ပိတ်မိနေ

RFA Burmese
2024.11.29
အင်းတော်မှာ အရပ်သားတစ်ရာကျော် သုံးလကျော်ကြာ ပိတ်မိနေ အင်းတော်မြို့မ ဘုန်းကြီးကျောင်းကို ၂၀၂၃ ခုနှစ် ဇူလိုင်လအတွင်းက တွေ့ရစဉ်။
Citizen Photo

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့ပေါ်က မြို့မဘုန်းကြီးကျောင်းမှာ တိုက်ပွဲတွေကြောင့် ပိတ်မိနေတဲ့ Non-CDM ဝန်ထမ်းတွေနဲ့ အရပ်သား တစ်ရာကျော်ကို သုံးလကျော်ကြာတဲ့အထိ စစ်ကောင်စီတပ်က ထွက်ခွင့်မပေးဘူးလို့ အင်းတော်ဒေသခံတွေက RFA ကို ပြောပါတယ်။

ပိတ်မိနေတဲ့သူတွေအထဲက တချို့ကို ပြီးခဲ့တဲ့ ရက်ပိုင်းက ထွက်ခွင့်ပြုခဲ့ပေမဲ့ Non-CDM ဝန်ထမ်းတွေနဲ့ အရပ်သားလူငယ်တွေကိုတော့ ထွက်ခွင့်မပေးသေးဘူးလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ အင်းတော် ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“အခုက ပိတ်မိနေတဲ့သူ တစ်ရာကျော်ရှိသေးတယ်။ အများပိုင်းက Non-CDM တွေပေါ့။ ပြည်သူတွေကျတော့ ထွက်ချင်တယ်ဆို အဲဒီမှာရှိတဲ့ ပျူခေါင်းဆောင်ကို စာရင်းပေးရတယ်။ အဲဒီပျူခေါင်းဆောင်က တပ်မ (၇၇) တပ်မမှူးကို စာရင်းတင်ပေးပြီးမှ တပ်မမှူးက လွှတ်ပေးလို့ ချပေးမှ ထွက်ခွင့်ရတာ။ သာမန်ပြည်သူတွေက လွတ်လာတယ် Non-CDM တွေကိုတော့ ပယ်ချတာပေါ့။ ဝန်ထမ်းတွေတော့ အစုံပဲ ပညာရေးဝန်ထမ်းတွေလည်း ပါတယ်။ ဌာနဆိုင်ရာဝန်ထမ်းတွေရောပေါ့။ အထဲမှာရှိနေတဲ့သူတွေ အစားအသောက်တွေလည်း ခက်ခဲနေကြပြီလို့ ပြောတယ်”

အင်းတော်မြို့မှာ ပြီးခဲ့တဲ့ ဩဂုတ်လ ၁၆ ရက်နေ့ကစပြီး မြို့သိမ်းတိုက်ပွဲပြင်းထန်လာချိန် Non-CDM ဝန်ထမ်းတွေနဲ့ အရပ်သား တစ်ထောင်ဝန်းကျင်လောက်ဟာ စစ်ကောင်စီတပ်တွေ တပ်စွဲထားတဲ့ မြို့မဘုန်းကြီး ကျောင်းမှာ ဝင်ရောက်ပုန်းခိုရင်း ပိတ်မိနေခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

တိုက်ပွဲဖြစ်ပွားချိန်မှာ ကျည်ဆန်ထိမှန်လို့ ဒဏ်ရာရသူနဲ့ ဖျားနာသူတွေအထဲက ဆေးဝါးမလုံလောက်တာကြောင့် အရပ်သား ခြောက်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီအခြေအနေနဲ့ ပတ်သက်ပြီး အသေးစိတ်သိရဖို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောခွင့်ရသူ တိုင်းလူမှုရေးဝန်ကြီး ဦးညွန့်ဝင်းအောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ ခရီးသွားနေလို့ မဖြေဆိုနိုင်ဘူးလို့ အကြောင်းပြန် ပါတယ်။

အင်းတော်မြို့ကို အလုံးစုံ သိမ်းယူနိုင်ဖို့ ကာကွယ်ရေးပူးပေါင်းအဖွဲ့တွေက မကြာခဏ ထိုးစစ်ဆင် တိုက်ခိုက်နေပေမဲ့ သိမ်းယူနိုင်တာ မရှိသေးဘဲ မြို့အတွင်းမှာ နှစ်ဖက်အပြန်အလှန် နေရာယူထားကြပြီး လတ်တလောမှာတော့ တိုက်ပွဲ ငြိမ်နေတယ်လို့ ဆိုပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။