အင်းတော်မြို့မှာ နှစ်ဖက်တိုက်ပွဲပြင်းထန်နေ

RFA Burmese
2024.11.02
အင်းတော်မြို့မှာ နှစ်ဖက်တိုက်ပွဲပြင်းထန်နေ အင်းတော်မြို့ တိုက်ပွဲအတွင်း ထိခိုက်ပျက်စီးခဲ့သည့်အဆောက်အအုံတချို့ကို ၂၀၂၄ ခုနှစ် ဩဂုတ်လ ၂၀ ရက်နေ့က တွေ့ရစဉ်။
Citizen Photo

စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ အင်းတော်မြို့မှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲ ပြင်းထန်နေတယ်လို့ ဒေသခံတွေက RFA ကို နိုဝင်ဘာလ ၂ ရက် ဒီနေ့ ပြောပါတယ်။

ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တွေက အင်းတော်မြို့မ ဘုန်းကြီးကျောင်း၊ ဘုရားကုန်းနဲ့ စစ်တပ်ကုန်းတွေကို ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီဘက်က အပြင်းအထန်ခုခံနေတယ်လို့ ဆိုပါတယ်။

အင်းတော်မြို့ကို နိုဝင်ဘာလ ၁ ရက်နေ့ မနက် ၉ နာရီဝန်းကျင်မှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးတစ်လုံးကြဲချခဲ့ပြီး နိုဝင်ဘာ ၂ ရက် ဒီနေ့ မနက် ၁၁ နာရီခန့် မှာလည်း လေကြောင်းကနေ ထပ်မံ ဗုံးကြဲချသွားတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ အင်တော်ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

"မနေ့က မနက်ပိုင်းလောက် တိုက်ပွဲ ဆက်ဖြစ်တယ်၊ စစ်ကောင်စီ တပ်စွဲထားတဲ့ တပ်ကုန်းနဲ့ ဘုရားကုန်း နေရာတွေကို တော်လှန်ရေးဘက်က ဝင်တိုက်တာ၊ ဒီနေ့လည်း ထပ်ဖြစ်တယ်။ စစ်ကောင်စီလေယာဉ်နဲ့ နှစ်ရက်ဆက်တိုက် လာကြဲတယ်"

တိုက်ပွဲတွေကြောင့် အင်းတော် - ကသာလမ်းပိုင်းနဲ့ မန္တလေး - မြစ်ကြီးနားလမ်းကို ယာယီပိတ်ထားရပြီး ခရီးသည်တင်ကားတွေနဲ့ ကုန်တင်ကားတွေ ရာနဲ့ချီ ပိတ်မိနေတယ်လို့ ဒေသခံတွေပြောပေမဲ့ အသေးစိတ်ကို RFA က စုံစမ်းနေဆဲ ဖြစ်ပါတယ်။

ဒါနဲ့ပတ်သက်လို့ တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ပေမဲ့ လက်ခံဖြေကြားတာ မရှိပါဘူး။

ပြီးခဲ့တဲ့ သြဂုတ်လ ၁၆ ရက်နေ့ကစပြီး အင်းတော်မြို့ကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) နဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ပူးပေါင်းတပ်ဖွဲ့တွေက စတင်တိုက်ခိုက်ခဲ့တာပါ။

အင်းတော်မြို့သိမ်းတိုက်ပွဲအတွင်း အင်းတော် နဘားလမ်းဆုံက စစ်ကောင်စီအထိုင်စခန်း၊ ရဲစခန်း၊ ထွေအုပ်ရုံးတွေကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့က သိမ်းပိုက်ထားပါတယ်။

မြို့ပေါ်က ဒေသခံနှစ်သောင်းကျော်ဟာ တိုက်ပွဲတွေစဖြစ်ချိန်ကတည်းက နေရပ်စွန့်ခွာထွက်ပြေးနေရပြီး အခုအချိန်အထိ နေရပ်မပြန်နိုင်ကြသေးပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။