အင်းတော်မှာ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံတစ်ဦးသေပြီး သုံးဦးဒဏ်ရာရ

RFA Burmese
2023.11.20
အင်းတော်မှာ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံတစ်ဦးသေပြီး သုံးဦးဒဏ်ရာရ အင်းတော်မြို့နယ် နဘားလမ်းဆုံကို ၂၀၂၃ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့က တွေ့ရစဉ်။
Citizen Journalist

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ် နဘားရွာအနီး ကားလမ်းဆုံကို နိုဝင်ဘာလ ၂၀ ရက်နဲ့ ၁၉ရက်မှာ စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကြဲခဲ့တာကြောင့် ဒေသခံအမျိုးသမီးတစ်ဦး သေဆုံးပြီး သုံးဦးဒဏ်ရာရခဲ့တယ်လို့ Indaw Revolutin-IR က RFA ကို ပြောပါတယ်။

နိုဝင်ဘာလ ၁၉ ရက်မနေ့ နေ့လယ်က တိုက်ခိုက်မှုမှာ အသက် ၄၀ အရွယ် မသန်းသန်းမော် သေဆုံးခဲ့ပြီး၊ သူ့ရဲ့အမျိုးသားဖြစ်သူ ကိုအောင်စိုးနဲ့ မောင်ဖြစ်သူ ကိုနေအောင်တို့ ဒဏ်ရာရခဲ့တာပါ။ နိုဝင်ဘာလ ၂၀ ရက် ဒီကနေ့မနက်တိုက်ခိုက်မှုမှာ နောက်ထပ်အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိခဲ့ပြီး အသေးစိတ်အချက်အလက်တွေ မသိရသေးပါဘူး။

တိုက်ပွဲမဖြစ်ဘဲနဲ့ လေကြောင်းကတိုက်ခိုက်ခဲ့တာလို့ ဒေသအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ဖြစ်တဲ့ Indaw Revolution-IR တာဝန်ရှိသူတစ်ဦးက RFA ကို ပြောပါတယ်။

"အဲဒီနေရာမှာ ဘာတိုက်ပွဲဖြစ်တာ မရှိဘဲ လာပစ်သွားတာ။ သေဆုံးထိခိုက်တဲ့သူတွေက ကသာကနေ မော်လူးကို ကုန်စိမ်းသယ်တဲ့သူတွေပေါ့၊ ဗုံးကြဲခံရတဲ့အချိန် သူတို့အနားကို ကျပြီး ထိတာ"

စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် နဘားရွာအနီး ရွှေဘို-မြစ်ကြီးနားကားလမ်းဆုံက ဈေးဆိုင်တချို့ ပျက်စီးခဲ့တယ်လို့ ပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းရဲ့ပြောခွင့်ရသူ ဦးစိုင်းနိုင်နိုင်ကျော်ကို RFA က ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။

 

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။