အင်းတော်မှာ ဒေသခံ ငါးဦးဖမ်းဆီးခံရ
2023.03.24
စစ်ကိုင်းတိုင်း အင်းတော်မြို့နယ်က မံဟဲကျေးရွာကို မတ်လ ၂၃ ရက် မနေ့မွန်းလွဲပိုင်းက စစ်ကောင်စီတပ်က ဝင်ရောက် စီးနင်းပြီးနောက် ကျေးရွာသားငါးဦးကို ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
အိမ်ခြေ ၂၀၀ ကျော်ရှိတဲ့ မံဟဲကျေးရွာကို မနေ့က ညနေ ၄ နာရီခန့်က စစ်ကောင်စီတပ်က ဝင်ရောက် စီးနင်းခဲ့တာလို့ ဆိုပါတယ်။ အဲဒီနောက် ရွာမှာရှိတဲ့ အမျိုးသမီးနဲ့ ကလေးတွေပါမကျန် လူအားလုံးကို ထိန်းသိမ်းစစ်ဆေးပြီး ဒီနေ့မနက် ၂ နာရီခန့်က ရွာကနေ စစ်ကြောင်းပြန်ထွက်သွားချိန် ကျေးရွာသား ငါးဦးကို ဖမ်းဆီး ခေါ်ဆောင်သွားတာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“မနက် ၂ နာရီကျော်လောက်က ထွက်သွားပြီ၊ စစ်ကြောင်းက အခု ပင်ဝယ်ရွာ ဘက်ကိုသွားနေပြီ။ လူငယ် ငါးယောက်ကို ခေါ်သွားတာ။ ဘာကြောင့်ဖမ်းသွားလဲတော့ မသိဘူး”
ဒီစစ်ကြောင်းက ဘယ်တပ်ရင်းက ဖြစ်တယ်ဆိုတာကိုတော့ မသိရသေးဘူးလို့ပြောပါတယ်။
စစ်ကောင်စီ စစ်ကြောင်းက သတင်းပေးတွေကိုပါ ခေါ်လာပြီး ရွာသားတွေကို ထိန်းသိမ်းစစ်ဆေးခဲ့တာလို့ အင်းတော်ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။
“အဲဒီနယ်က ဒလန်ကလည်း စစ်ကြောင်းနဲ့လိုက်ပြီး လက်ညှိုးထိုးလက်ပြတာ။ ဖမ်းဆီးခံရတဲ့ လူငယ်တွေက ဘာကြောင့် ဖမ်းသွားလဲ သေချာမသိဘူး။ သူတို့ စစ်ကြောင်း အင်းတော်ဘက် ပြန်ခေါက်တဲ့လမ်းမှာ တိုက်ခိုက်ခံရမှာစိုးလို့ လူသားဒိုင်းအနေနဲ့ ဖမ်းသွားတာလို့ပဲထင်တယ်”
မံဟဲကျေးရွာဟာ အင်းတော်မြို့ကနေ မိုင် ၂၀ ကျော်ဝေးတဲ့ ကျေးရွာဖြစ်ပြီး ကချင်ပြည်နယ် အစပ်မှာရှိတဲ့ ရွာဖြစ်ပါတယ်။
ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က တစ်စုံတစ်ရာ ထုတ်ပြန်တာမရှိသေးသလို စစ်ကိုင်းတိုင်း စစ်ကောင်စီပြောခွင့်ရသူ ဦးအေးလှိုင်ကို RFA ကဆက်သွယ် မေးမြန်းခဲ့ရာမှာလည်း တုံ့ပြန်ဖြေဆိုတာ မရှိပါဘူး။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP စာရင်းအရ အာဏာသိမ်းတဲ့နေ့ကနေ မတ်လ ၂၃ မနေ့ကအထိ စစ်ကိုင်းတိုင်းမှာ ဖမ်းဆီးခံရတဲ့ပြည်သူ ၂၅၁၃ ယောက်အထိ ရှိနေပါတယ်။