အင်းတော်မှာ ပိတ်မိနေတဲ့ အရပ်သားအချို့ ဆေးကုသခွင့်မရလို့ သေဆုံး
2024.09.04
စစ်ကိုင်းတိုင်းအထက်ပိုင်း အင်းတော်မြို့ မှာ ဩဂုတ်လ ၁၆ ရက်ကစလို့ တိုက်ပွဲကြောင့် မြို့မဘုန်းကြီးကျောင်းထဲ ပိတ်မိနေတဲ့ ဒေသခံ တစ်ထောင်ခန့် စားနပ်ရိက္ခာ ပြတ်လပ်နေပြီး ဆေးမကုနိုင်တာကြောင့် နှစ်ဦး သေဆုံးသွားတယ်လို့ အင်းတော်ဒေသခံတွေက RFA ကို ပြောပါတယ်။
တိုက်ပွဲအတွင်း ဒဏ်ရာရသူတွေထဲက အသက် ၂၈ နှစ်အရွယ် အမျိုးသမီးတစ်ဦးနဲ့ အသက် ၂၀ အရွယ် အမျိုးသားတစ်ဦးတို့ ဆေးကုသခွင့်မရလို့ သေဆုံးတာလို့ ဆိုပါတယ်။ သေဆုံးတဲ့ ရက်ကိုတော့ အတိအကျမသိရဘူးလို့ ဒေသခံတွေက ပြောပါတယ်။
ဒီ့အပြင် ပိတ်မိတဲ့ အရပ်သား တစ်ထောင်ခန့်ကို စစ်ကောင်စီတပ်က ထွက်ခွင့်မပေးဘဲ ကန့်သတ်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပိတ်မိနေတဲ့အထဲက ထွက်ပြေးလွတ်မြောက်လာသူတွေနဲ့ တွေ့ခဲ့တဲ့ အင်းတော်ဒေသခံတစ်ဦးကတော့ ကလေးငယ်တွေမှာလည်း ထိခိုက်ဒဏ်ရာရသူတွေရှိနေတယ်လို့ RFA ကို ပြောပါတယ်။
“ဒဏ်ရာရတဲ့သူတွေလည်းရှိတယ် ဆေးကုသခွင့်မရဘူး။ ဒဏ်ရာရလို့ ဆေးကုသခွင့်မရဘဲ သေဆုံးသွားတဲ့သူ နှစ်ယောက်ရှိတယ်။ ရိက္ခာတွေလည်း ပြတ်လပ်နေတာပေါ့နော်။ ထွက်သွားဖို့လုပ်လည်း စစ်တပ်က မထွက်ခိုင်းဘူးလို့ ပြောတယ်။ ကလေးငယ်တွေမှာ ခေါင်းတွေပေါက်ပြဲပြီး ဒဏ်ရာရတဲ့သူတွေများတယ်။ ဆေးမရှိတော့ ရှိတဲ့ဆေးတွေနဲ့ပဲ ကုနေကြတာပေါ့”
အင်းတော်မြို့၊ မြို့မ ဘုန်းကြီးကျောင်းထဲ ပိတ်မိနေတဲ့အထဲ ရဟန်း၊ သံဃာ၊ ကိုရင်တွေနဲ့ ကလေးငယ်တွေ၊ သက်ကြီးရွယ်အိုတွေအပြင် စစ်ကောင်စီလက်အောက်က ဝန်းထမ်းတွေ၊ ကျောင်းဆရာ ဆရာမနဲ့ ကျောင်းသားတွေအပြင် စစ်တပ်ထောက်ခံ သူတွေလည်းပါတယ်လို့ သူက ပြောပါတယ်။
ဒါနဲ့ပတ်သက်လို့ တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးညွန့်၀င်းအောင်ကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ပေမဲ့ လက်ခံဖြေကြားတာမရှိပါဘူး။
အင်းတော်မြို့က စစ်ကောင်စီတပ်စခန်းတွေကို သြဂုတ်လ ၁၆ ရက်နေ့ကစပြီး KIA၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) နဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့ပြီးနောက် အခု စက်တင်ဘာလဆန်းမှာ တိုက်ပွဲတွေငြိမ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အင်းတော်မြို့သိမ်းတိုက်ပွဲအတွင်း အရပ်သား ငါးဦး သေဆုံးပြီး ခြောက်ဦး ဒဏ်ရာရထားသလို မြို့ခံ နှစ်သောင်းကျော်လည်း နေရပ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။