အင်းတော်အရပ်သား လေးဦး သေဒဏ်ချမှတ်ခံရ

RFA Burmese
2023.08.23
အင်းတော်အရပ်သား လေးဦး သေဒဏ်ချမှတ်ခံရ စစ်ကိုင်းတိုင်း၊ အင်းတော်မြို့တစ်နေရာကို တွေ့ရစဉ်။
အင်းတော်မြို့ ကိုယ်ထူကိုယ်ထ လှည့်ကင်းအဖွဲ့ - Facebook

စစ်ကိုင်းတိုင်း အထက်ပိုင်း အင်းတော်မြို့နယ်က ဒေသခံလေးဦးကို အင်းတော်မြို့နယ် စစ်ကောင်စီ စစ်ခုံရုံးက သေဒဏ်ချမှတ်လိုက်တယ်လို့ Indaw Revolution-IR က ဩဂုတ် ၂၃ ရက်မှာ သတင်း ထုတ်ပြန်ပါတယ်။

လေးဦးစလုံးကို အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၄၉ (က)၊ ၅၂(က)တို့နဲ့ တရားစွဲဆိုခဲ့တာ ဖြစ်ပြီး ဩဂုတ် ၁၈ ရက်နေ့မှာ ပြစ်ဒဏ်ချမှတ်ခဲ့တာပါ။

သေဒဏ်ချမှတ်ခံရသူတွေဟာ မုံရွာနဲ့ မြစ်ကြီးနား ခရီးသည်တင်ကားမောင်းတဲ့ ကိုဇော်မျိုးထွန်း(ခေါ်) တိုနီ၊ ထီးချိုင့်မြို့နယ်က ကိုကျော်စွာဝင်း(ခေါ်) ကျော်စွာ၊ မမြင့်မြင့်အေး(ခေါ်) မအေးအေးနဲ့ အင်းတော်မြို့နယ် ရေတွင်းကုန်း ရပ်ကွက်က ကိုအောင်ကျော်ကျော်မိုး(ခေါ်) လားလားတို့ ဖြစ်ပါတယ်။

ကိုဇော်မျိုးထွန်းဟာ ပြီးခဲ့တဲ့နှစ် ဧပြီမှာ ကားမောင်းနေရင်း အင်းတော်စစ်ဆေးရေးဂိတ်မှာ ဖမ်းဆီးခံခဲ့ရပါတယ်။ ကိုကျော်စွာဝင်းနဲ့ မမြင့်မြင့်အေးတို့က ဇွန်လပိုင်းလောက်က အင်းတော်မြို့မှာ ဖမ်းဆီးခံရတာ ဖြစ်ပြီး ကိုအောင်ကျော်ကျော်ဟာလည်း မြို့ထဲမှာ ဖမ်းဆီးခံခဲ့ရပါတယ်။

ဒီလေးဦးကို သေဒဏ်ချမှတ်တာနဲ့ ပတ်သက်ပြီး စစ်ကောင်စီက သတင်းထုတ်ပြန်ထားတာ မရှိသလို RFA ကလည်း အတည်ပြုနိုင်ဖို့ စုံစမ်းနေပါတယ်။

စစ်ကောင်စီ သတင်းနဲ့ ပြန်ကြားရေး တာဝန်ခံ ဗိုလ်ချုပ်ဇော်မင်းထွန်းကို မေးမြန်းနိုင်ဖို့ RFA က ဆက်သွယ်ခဲ့ပေမယ့် ဖုန်းခေါ်ဆိုလို့ မရပါဘူး။

အင်းတော်မြို့နယ်မှာ အဖမ်းအဆီးတွေနေ့တိုင်းလိုလိုရှိနေပြီး တစ်သက်တစ်ကျွန်းချမှတ်ခံရတဲ့ ပြည်သူ ၁၀ ဦးထက် မနည်းရှိတယ်လို့ ကြေညာချက်မှာ ဖော်ပြပါတယ်။

ဒေသခံအမျိုးသားနှစ်ဦးကိုလည်း ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ (PDF)နဲ့ ပတ်သက်ဆက်နွယ်တယ်ဆိုပြီး စစ်ခုံရုံးကနေ ဩဂုတ်လ ၁၅ ရက်နေ့က ထောင်ဒဏ် တစ်သက် ချမှတ်ခဲ့ပါတယ်။

အင်းတော်မြို့နယ်ကို စစ်အုပ်ချုပ်ရေးဒေသအဖြစ် စစ်ကောင်စီက ကြေညာထားပါတယ်။ မြို့အဝင်အထွက်တိုင်းကို စစ်ကောင်စီက နေ့စဉ်စစ်ဆေးနေပြီး ဖုန်းတွေကိုပါယူပြီး အသေးစိတ် စစ်ဆေးနေတာလို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

RFA က ပြုစုထားတဲ့ စာရင်းတွေအရ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်ကနေ ဇူလိုင် ၃၁ ရက်အထိ အရေးပေါ်ကာလ သက်တမ်းခြောက်လအတွင်း အနောက်မြောက်တိုင်း စစ်ဌာနချုပ်နယ်မြေဖြစ်တဲ့ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနဲ့ ချင်းပြည်နယ်တို့မှာ အရပ်သား ၁၃၂ ဦး နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခံထားရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။