အင်းတော်မြို့မှာ ပိတ်မိနေတဲ့ အရပ်သားတစ်ရာကျော် ဆေးကုသခွင့်မရ
2024.11.15
စစ်ကိုင်းတိုင်း၊ အင်းတော်မြို့ပေါ်က မြို့မဘုန်းကြီးကျောင်းမှာ ပိတ်မိနေတဲ့ အရပ်သားတစ်ရာကျော် ရာသီတုပ်ကွေးဖျားနာတာတွေ ဖြစ်နေပေမဲ့ ဆေးကုသခွင့်မရဘူးလို့ ဒေသခံတွေက ပြောပါတယ်။
ပိတ်မိနေသူတွေဟာ တိုက်ပွဲဖြစ်ချိန် မြို့မဘုန်းကြီးကျောင်းထဲမှာ ပုန်းခိုနေကြတာဖြစ်ပြီး တိုက်ပွဲပြီးသွားပေမဲ့ စစ်ကြောင်းတွေကြောင့် နေရပ်ပြန်လို့ မရသေးဘူးလို့ ဆိုပါတယ်။
အဲဒီဘုန်းကြီးကျောင်းမှာ စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းတွေနဲ့ မြို့ခံတချို့ ကျန်ရှိနေပြီး ရာသီအကူးအပြောင်းကာလမှာ ဖျားနာသူတွေ များနေပေမဲ့ ဆေးကုသခွင့် မရကြဘူးလို့ အင်းတော်မြို့ကနေ တိမ်းရှောင်နေတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“စစ်ကောင်စီက ဘုန်းကြီးကျောင်းမှာလည်း တပ်စွဲထားတယ်။ အထဲက အရပ်သားတွေကိုလည်း မြို့ပြင် မထွက်ခိုင်းဘူး။ တချို့က ခိုးထွက်လာနိုင်တဲ့သူတွေလည်း ရှိတယ်။ သူတို့ ပြောပြချက်အရကတော့ အထဲမှာက တစ်ရာကျော်လောက် ရှိမယ်။ ဖျားတာတွေ အဖြစ်များနေတယ်။ ဆေးကလည်း အလုံအလောက် မရှိဘူး။ သေချာဆေးကုသမှု မရတဲ့သူတွေလည်း ရှိတယ်လို့ ပြောတယ်”
တိုက်ပွဲတွေဖြစ်ချိန်က စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးကြောင့် ပိတ်မိနေတဲ့ အရပ်သားတွေထဲမှာ အချို့ ထိခိုက်ဒဏ်ရာ ရတာလည်း ရှိနေတယ်လို့ ဆိုပါတယ်။
နိုဝင်ဘာ ၁ ရက်နေ့ကစပြီး အင်းတော်မြို့ကို ကာကွယ်ရေးပူးပေါင်းအဖွဲ့တွေ ထပ်မံ ထိုးစစ်ဆင်တိုက်ခိုက်နေပေမဲ့ လက်ရှိတော့ တိုက်ပွဲတွေ ငြိမ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး အတိအကျသိရဖို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးညွန့်ဝင်းအောင်ကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။
သြဂုတ်လကတည်းက အင်းတော်မြို့ကို သိမ်းပိုက်နိုင်ဖို့ ကာကွယ်ရေးပူးပေါင်းတပ်တွေ ထိုးစစ်ဆင်နေတာဖြစ်ပြီး နဘားလမ်းဆုံနဲ့ နန့်သာရွာက စစ်ကောင်စီ တပ်စခန်းနှစ်ခုကို ကာကွယ်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်ထားပါတယ်။
လက်ရှိမှာလည်း မြို့ကို အလုံးစုံသိမ်းပိုက်နိုင်ဖို့ ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေ မကြာခဏ ထိုးစစ်တိုက်ခိုက်မှုတွေ ရှိနေသလို စစ်ကောင်စီတပ်ဘက်ကလည်း လက်နက်ခဲယမ်း၊ ရိက္ခာဖြည့်တင်းတာနဲ့ လေကြောင်း ပစ်ကူပေးတာတွေ လုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
သြဂုတ်လကစတင်ခဲ့တဲ့ တိုက်ပွဲတွေကြောင့် အင်းတော်ဒေသခံ နှစ်သောင်းခန့်ဟာ ဘေးလွတ်ရာကို ထွက်ပြေးနေရတယ်လို့ စစ်ဘေးဒုက္ခသည်အရေး ကူညီနေသူတွေက ပြောပါတယ်။