အိန္ဒိယဗဟိုအစိုးရ ဖိအားပေးလို့ မြန်မာ့အရေး ဆန္ဒပြပွဲ ဖျက်သိမ်း

ဇင်မာဝင်း (ဝါရှင်တန်ဒီစီ)
2023.02.04
Share on WhatsApp
Share on WhatsApp
အိန္ဒိယဗဟိုအစိုးရ ဖိအားပေးလို့ မြန်မာ့အရေး ဆန္ဒပြပွဲ ဖျက်သိမ်း စစ်တပ်အာဏာသိမ်းမှုကို ၂ဝ၂၁ ခုနှစ် ဖေဖော်ဝါရီ ၅ရက်နေ့က အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တွင် ဆန့်ကျင်ဆန္ဒပြနေသည့် မြန်မာနိုင်ငံသားများ။
AFP

အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် အိုင်ဇောလ်မြို့မှာ ဖေဖော်ဝါရီ ၄ရက်နေ့ မနေ့က ပြုလုပ်မယ့် မြန်မာပြည်အရေးနဲ့ပတ်သက်တဲ့ အသံတိတ်လမ်းလျှောက်ဆန္ဒ ထုတ်ဖော်ပွဲကို အိန္ဒိယဗဟိုအစိုးရက ဖိအားပေးလို့ ဖျက်သိမ်းလိုက်ရပါတယ်။

မီဇိုရမ်ပြည်နယ်အစိုးရက ခွင့်ပြုပေမယ့် ဗဟိုအစိုးရက မြန်မာပြည်အရေးနဲ့ပတ်သက်ပြီး ဖိအားပေးတာတွေရှိနေလို့ ဖျက်သိမ်းလိုက်တာလို့ ဆန္ဒပြပွဲဦးဆောင်တဲ့ Network For Myanmar ဥက္ကဋ္ဌ ဦးဇော်ထွန်းက ပြောပါတယ်။

“ဗဟိုအစိုးရက မြန်မာအရေးနဲ့ပတ်သက်ပြီး မီဇိုရမ်မှာ စစ်ရှောင်တွေ လာရောက်ခိုလှုံတဲ့လူတွေကို အရမ်းအခွင့်အရေးတွေမပေးဖို့၊ လူအများသိအောင် အရမ်းမလုပ်ဖို့ မီဇိုရမ်အစိုးရကို ဖိအားပေးတာတွေ ရှိတယ်။ အဲ့ကြားထဲမှာ ကျွန်တော်တို့ကို လက်ခံပေးထားတဲ့ မီဇိုရမ်အစိုးရ အခက်တွေ့သွားမှာကို စိုးရိမ်တယ်။ အဲဒါကြောင့် ဒီဆန္ဒပြပွဲကို နားလိုက်တာ။ ဗဟိုအစိုးရကတော့ မီဇိုရမ်အစိုးရကို အမြဲဖိအားပေးနေတယ်။ ဒီလူတွေကို လက်မခံနဲ့ ပြန်ပို့ဆိုပြီး အမြဲတမ်းပြောနေတယ်။”

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းမှု နှစ်နှစ်ပြည့်တဲ့ ဖေဖော်ဝါရီ ၁ရက်နေ့က နယူးဒေလီမြို့မှာ ပြုလုပ်မယ့် ဆန္ဒပြပွဲကိုလည်း အိန္ဒိယဗဟိုအစိုးရက ခွင့်မပြုလို့ ဖျက်သိမ်းခဲ့ရပါတယ်။

မြန်မာပြည်အရေး ဆန္ဒပြပွဲတွေကို ခွင့်မပြုတာနဲ့ပတ်သက်လို့ အိန္ဒိယအစိုးရဘက်က သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

အိန္ဒိယ-မြန်မာအရေး လေ့လာစောင့်ကြည့်တဲ့ India For Myanmar တည်ထောင်သူ ဆလိုင်းဒိုခါရ်က မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းတဲ့ ၂ဝ၂၁ ခုနှစ်နောက်ပိုင်း မြန်မာစစ်ကောင်စီအပေါ် ဆန့်ကျင်ဆန္ဒပြပွဲတွေကို အိန္ဒိယအစိုးရက ခွင့်မပြုဘဲ ဦးဆောင်သူတွေကိုလည်း ဖမ်းဆီးအရေးယူတာတွေ ရှိနေတယ်လို့ ပြောပါတယ်။

အိန္ဒိယအစိုးရက စီးပွားရေး၊ သံတမန်ရေးအရ စစ်ကောင်စီနဲ့ ပူးပေါင်းမှု မြင့်မားနေတဲ့အတွက် အခုလိုဖိအားပေးတာတွေ ရှိလာတာလို့ ဆလိုင်းဒိုခါရ် က သုံးသပ်ပါတယ်။

“အိန္ဒိယနိုင်ငံမှာ အခုချိန် ဆန္ဒပြပွဲတွေကို ခွင့်မပြုဘဲ ပယ်ဖျက်တယ်။ ခွင့်ပြုချက်မယူဘဲ လုပ်တဲ့သူတွေကို ဖမ်းဆီးတာ အခုဆိုရင် ငါးကြိမ်တိုင်တိုင်ရှိနေပြီ။ အထူးသဖြင့် စကစ ကို ဆန့်ကျင်တဲ့ဆန္ဒပြပွဲနဲ့ပတ်သက်တာကို ခွင့်မပြုတာ များတယ်။ စကစကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲဆိုရင် အများသောအားဖြင့် နိုင်ငံရေးမလုပ်ရဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ တားမြစ်တာပိုများတယ်။ စကစ နဲ့ အိန္ဒိယက သံတမန်ရေးအရသော်လည်းကောင်း စစ်ရေးအရသော်လည်းကောင်း စီးပွားရေးအရ ပူးပေါင်းမှုက အင်မတန်မှ မြင့်မားလာတယ်။ အဲဒါကြောင့် ကျွန်တော်တို့ မသိနိုင်တဲ့ စကစ နဲ့ အိန္ဒိယကြား လျှို့ဝှက်သဘောတူညီချက်တွေ ရှိထားပုံရတယ်လို့ သံသယရှိတယ်။ အဓိကအားဖြင့် စီးပွားရေး၊ စစ်ရေး၊ နိုင်ငံရေး ဒီကဏ္ဍသုံးခုမှာ စကစနဲ့ အဆင်ပြေအောင် အိန္ဒိယဗဟိုအစိုးရက မြန်မာပြည်ကနေ ခိုလှုံလာတဲ့သူတွေအပေါ်မှာ နည်းမျိုးစုံနဲ့ မတရားပြုကျင့်တယ်လို့ မြင်တယ်။ အိန္ဒိယရဲ့လုပ်ဆောင်ချက်ဟာ လက်ရှိ မြန်မာပြည်က ဒီမိုကရေစီလှုပ်ရှားမှုကြီးကို အထင်သေး အမြင်သေးတဲ့ ပုံစံဖြစ်နေတယ်။ အိန္ဒိယက လက်ရှိ မြန်မာနိုင်ငံရေးကို တွက်ချက်မှုက အရမ်းမှားနေပြီး စကစ ကို အရမ်းအလေးပေးနေတယ်လို့ မှတ်ချက်ပေးချင်တယ်။”

ဒီကာလအတွင်း ဆလိုင်းဒိုခါရ်အပါအဝင် ဦးဆောင်သူ ၂၁ ယောက်ခန့် ဖမ်းဆီးအရေးယူခံခဲ့ရတာ ဖြစ်ပါတယ်။ အိန္ဒိယမှာ အခြေစိုက်နေကြတဲ့ မြန်မာလူမျိုးတွေ၊ စစ်ဘေးရှောင်အနေနဲ့ ရောက်နေကြသူတွေက တခြားနိုင်ငံတွေမှာလိုပဲ မြန်မာပြည်အရေး လှုပ်ရှားမှုတွေ ပုံမှန် စီစဉ်ကြပေမယ့် မနှစ်ကစပြီး ခွင့်ပြုချက်မပေးတော့တဲ့အနေအထားတွေ ကြုံနေရတယ်။

မြန်မာအာဏာသိမ်းစစ်အုပ်စုကို အိန္ဒိယအစိုးရက ပံ့ပိုးကူညီနေတာတွေ ရပ်တန့်ဖို့ India For Myanmar ပူးတွဲတည်ထောင်သူ မသဉ္ဇာရွှန်းလဲ့ရည်က တိုက်တွန်းပါတယ်။

“အိန္ဒိယအစိုးရက မြန်မာနိုင်ငံမှာ ၂၀၂၁ စစ်တပ် အာဏာသိမ်းကတည်းက မြန်မာစစ်တပ်ကို တရားဝင် နေရာပေးလာတယ်။ နိုင်ငံတကာစာမျက်နှာတွေမှာလည်း မြန်မာစစ်အုပ်စုကို အကာအကွယ်ပေးတဲ့ လုပ်ရပ်တွေ လုပ်တာတွေ ရှိတယ်၊ လက်နက်ပိုင်းပံ့ပိုးပေးတာတွေ ရပ်တန့်ဖို့ တောင်းဆိုနေပေမယ့် လုံးဝမရပ်တန့်ဘူး၊ ငွေကြေးပိုင်း ပံ့ပိုးတာအပြင် စစ်ကောင်စီရဲ့ အတုအယောင် ရွေးကောက်ပွဲ လုပ်မယ့်ကိစ္စမှာ အိန္ဒိယက အကြီးအကျယ် ပါဝင်ပတ်သက်နေတယ်လို့ ကျမတို့ သိထားရတယ်။ ဒါနဲ့ပတ်သက်ပြီး သူ့ရဲ့လုပ်ရပ်တွေအတွက် တာဝန်ယူမှု တာဝန်ခံမှုလုပ်ခိုင်းဖို့ လိုနေပြီ။ ဒီအတွက် မြန်မာပြည်သူတွေနဲ့မိတ်ဖက်အဖွဲ့တွေကိုလည်း တိုက်တွန်းနေတယ်။”

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ဖမ်းဆီးအရေးယူမှုတွေအပြင် မြန်မာပြည်တွင်း တိုက်ပွဲတွေကြောင့် အိန္ဒိယကို ထွက်ပြေးခိုလှုံနေတဲ့ မြန်မာနိုင်ငံသား သောင်းနဲ့ချီ ရှိနေပြီး အဲဒီထဲမှာ ဖမ်းဆီးအရေးယူခံရသူ ၁၆၀ ဝန်းကျင်ရှိနေပြီလို့လည်း India For Myanmar စာရင်းတွေအရ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။