လက်နက်ခဲယမ်းသယ်ယူတဲ့ မြန်မာနိုင်ငံသားတွေကို အိန္ဒိယက စွဲချက်တင်

RFA Burmese
2024.09.04
လက်နက်ခဲယမ်းသယ်ယူတဲ့ မြန်မာနိုင်ငံသားတွေကို အိန္ဒိယက စွဲချက်တင် ၂၀၂၂ ခုနှစ် မေလ ၁ ရက်နေ့တွင် အိန္ဒိယ အာဏာပိုင်များမှ ဖမ်းဆီးခဲ့သည့် မြန်မာနိုင်ငံသားအချို့နှင့် လက်နက်ခဲယမ်းများအား တွေ့ရစဥ်။
Aizawl Post

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ကနေ မြန်မာဘက်ကို လက်နက်ခဲယမ်းသယ်ယူတဲ့ ချင်းလူမျိုးဆယ်ဦးကို အိန္ဒိယနိုင်ငံ အမျိုးသားထောက်လှမ်းရေးအေဂျင်စီ (NIA) က သြဂုတ် ၂၉ ရက်နေ့မှာ စွဲချက်တင် တရားစွဲဆိုလိုက်တယ်လို့ အိန္ဒိယအခြေစိုက် သတင်းတွေမှာ ဖော်ပြပါတယ်။

၂၀၂၂ ခုနှစ် မေ ၁ ရက်နေ့က မီဇိုရမ်ပြည်နယ်၊ အိုက်ဇောလ်မြို့၊ ကယ်လ်စစ်(Kelsih) ကျေးရွာမှာ မြန်မာနယ်စပ်ကိုပို့မယ်လို့ ယူဆရတဲ့လက်နက်ခဲယမ်းတွေ သယ်ဆောင်လာတဲ့ ကားနှစ်စီးနဲ့ လူလေးဦးကို အာသံရိုင်ဖယ်နဲ့ မီဇိုရဲတပ်ဖွဲ့တို့က ဖမ်းဆီးခဲ့တာ ဖြစ်တယ်လို့ သြဂုတ် ၃၁ ရက်နေ့ထုတ် India Today သတင်းစာမှာ ဖော်ပြထားပါတယ်။

ဖမ်းမိတဲ့လူလေးဦးနဲ့ ဆက်စပ်ပြီး နောက်ထပ်ခြောက်ဦးကို အိန္ဒိယအာဏာပိုင်တွေ ထပ်မံဖမ်းဆီးခဲ့ပြီး စုစုပေါင်း ဆယ်ဦးကို လက်နက်ဥပဒေနဲ့ ပေါက်ကွဲစေတတ်သော ပစ္စည်းများ အက်ဥပဒေပုဒ်မတွေနဲ့ တရားစွဲဆိုထားတယ်လို့ ဆိုပါတယ်။

ဖမ်းမိတဲ့ လက်နက်ခဲယမ်းတွေအထဲ ပွိုင့်တူးတူး ရိုင်ဖယ် ငါးလက်၊ 12 Gauge Shotgun သုံးလက်၊ ဖောက်ခွဲရေးသုံးပစ္စည်း ယမ်းပျော့အချောင်း ၂၄,၀၀၀၊ Safety Fuse Box လေးခု၊ ကျည်ဆန် ၁၇၇ ဘူး နှစ်ဆယ် ၊ ယမ်းမှုန့် ကီလိုတစ်ရာနဲ့ Telescope Sight ခုနစ်ခုအပြင် အောက်ချင်းငှက်၊ ကျွဲချိုနဲ့တူမီး အမှတ်သားပါ အလံ၊ တံဆိပ်များ ပါဝင်တယ်လို့ ဖော်ပြထားပါတယ်။

ဒီလိုဖမ်းဆီးခံရတဲ့နောက် အိန္ဒိယအာဏာပိုင်တွေက အသွားအလာတွေကို ပိုမို တင်းကျပ်စစ်ဆေးလာတယ်လို့ အိုက်ဇောမြို့မှာနေထိုင် မြန်မာဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“တူမီးတို့၊ အောက်ချင်းငှက်တို့ပါတဲ့ တံဆိပ်တွေပါမိတာကြောင့် ဒါ ချင်းလက်နက်ကိုင်တစ်ခုခုကို ပို့ဖို့ပဲ။ ဘယ်အဖွဲ့ကပါလို့ ထုတ်ပြောတာမျိုးတော့ မရှိဘူး။ အိုက်ဇောဒေသခံတစ်ဦးနဲ့ မြန်မာနိုင်ငံသားတွေ အရင်မိတယ်။ အဲဒီနောက်မှာ နောက် ခြောက်ဦး ထပ်ဖမ်းတယ်။ အဲဒီအမှုကို တည်ဆောက်တာက ကြာတော့ကြာပြီ။ အခုတော့ ထောက်လှမ်းရေးက စွဲချက်တင်တာ”

သူတို့ဟာ ဒေသခံနိုင်ငံသား လက်နက်ဝယ်ယူခွင့် လိုင်စင်ကိုအသုံးပြုပြီး အိန္ဒိယနိုင်ငံ၊ အာသံပြည်နယ်၊ ဂဝါတီးမြို့မှာရှိတဲ့ လက်နက်ကုမ္ပဏီတစ်ခုက လက်နက်နဲ့ဖောက်ခွဲရေး ပစ္စည်းတွေဝယ်ယူပြီး မြန်မာဘက်ကို မှောင်ခိုပို့ဆောင်မှာလို့ အိန္ဒိယနိုင်ငံ ထောက်လှမ်းရေး အေဂျင်စီက ထုတ်ပြန်ထားပါတယ်။

ဖမ်းဆီးဆွဲချက်တင်ခံရတဲ့ မြန်မာနိုင်ငံသား ချင်းလူမျိုးဆယ်ဦးနဲ့ပတ်သက်လို့ သူတို့ဟာ ဘယ်အဖွဲ့အစည်းက ဖြစ်တယ်ဆိုတာကို ချင်းလက်နက်ကိုင်တပ်ဖွဲ့တွေဘက်က ထုတ်ပြန်တာမရှိသလို စစ်ကောင်စီဘက်ကလည်း တစ်စုံတစ်ရာ ထုတ်ပြန်ထားတာ မရှိပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။