မြန်မာစစ်သွေးကြွစခန်းတွေကိုချေမှုန်းခဲ့သူကို မဏိပူရ်ပြည်နယ်မှာ ရဲမှူးကြီးအဖြစ် ခန့်အပ်

RFA Burmese
2023.09.04
မြန်မာစစ်သွေးကြွစခန်းတွေကိုချေမှုန်းခဲ့သူကို မဏိပူရ်ပြည်နယ်မှာ ရဲမှူးကြီးအဖြစ် ခန့်အပ် ၂ဝ၂၃ ခုနှစ် ဇွန်လနှောင်းပိုင်းက အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်အတွင်း ကင်းလှည့်နေသည့် ရဲတပ်ဖွဲ့ဝင်တချို့အား တွေ့ရစဉ်။
AFP

မြန်မာနိုင်ငံတွင်းက တရားမဝင် ဝင်ရောက်လာတဲ့ ကူကီးချင်းလူမျိုးစုတွေနဲ့ ဒေသခံတွေရဲ့လူမျိုးရေးပဋိပက္ခကြောင့် ဖြစ်ပေါ်လာတဲ့ စိုးရိမ်ဖွယ်ရာ လုံခြုံရေးအခြေအနေတွေကို ကိုင်တွယ်ဖို့ တိုက်ခိုက်ရေးဆိုင်ရာ ရဲမှူးကြီးတစ်ဦးကို မဏိပူရ်ပြည်နယ်အစိုးရက ခန့်အပ်လိုက်တယ်လို့ မနေ့ကထုတ်တဲ့ အိန္ဒိယသတင်းတစ်ခုမှာ ဖော်ပြထားပါတယ်။

ရဲမှူးကြီးအဖြစ် ခန့်အပ်ခံရသူ Nectar Sanjenbam ဟာ လွန်ခဲ့တဲ့ ရှစ်နှစ်က မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ စစ်သွေးကြွစခန်းတွေကိုချေမှုန်းရာမှာ ဦးဆောင်ခဲ့သူ အငြိမ်းစားစစ်တပ်အရာရှိ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မေလအစောပိုင်းကစလို့ မဏိပူရ်ပြည်နယ်ထဲမှာနေထိုင်တဲ့ ကူကီးချင်းလူမျိုးစုတွေနဲ့ ဒေသခံတွေ လူမျိုးရေးပဋိပက္ခဖြစ်ပြီး ကူကီးချင်းလူမျိုးတွေရဲ့ နေအိမ်နဲ့ ဘုရားကျောင်းတွေ အကြမ်းဖက် တိုက်ခိုက်ခံခဲ့ရတဲ့အတွက် လူဦးရေ ၅၀၀ လောက် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပါတယ်။

အဲဒီကူကီးလူမျိုးတွေဟာ မြန်မာနိုင်ငံထဲကနေ တရားမဝင် ဝင်ရောက်လာသူတွေဖြစ်တယ်လို့ ဆိုပါတယ်။ သူတို့ကြောင့် ပြည်နယ်အတွင်း လူဦးရေစာရင်းတွေ ပြောင်းလဲကုန်သလို တရားမဝင်ဘိန်းစိုက်ပျိုးမှုနဲ့ သစ်တောပြုန်းတီးမှုတွေလည်း ဖြစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောဆို ကြောင်းလည်း သတင်းမှာ ဖော်ပြထားပါတယ်။

၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း နယ်မြေရှင်းလင်းတိုက်ခိုက်မှုတွေကြောင့် မြန်မာနိုင်ငံဘက်ခြမ်းကနေ မဏိပူရ်ပြည်နယ်ထဲကို တရားမဝင်ဝင်ရောက်လာသူတွေများလာတယ်လို့ အိန္ဒိယပြည်ထဲရေးဝန်ကြီး Amit Shah က ပြီးခဲ့တဲ့လက ပြောဆိုထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။