အိန္ဒိယထောင်မှာ အဖမ်းခံထားရတဲ့ မြန်မာစစ်ဘေးဒုက္ခသည်တွေ အစာငတ်ခံဆန္ဒပြ
2023.12.19
အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်က အကျဉ်းထောင်တွေမှာ အဖမ်းခံနေရတဲ့ မြန်မာစစ်ဘေးဒုက္ခသည်တွေကို ပြန်လွှတ်ပေးမယ်လို့ ထောင်အာဏာပိုင်တွေက ပြောထားပေမဲ့ အခုထိ ပြန်မလွှတ်ပေးတာကြောင့် ဖမ်းဆီးခံရသူတွေ အစာငတ်ခံဆန္ဒပြနေတယ်လို့ India For Myanmar အဖွဲ့က ဒီဇင်ဘာလ ၁၉ ရက်နေ့က ထုတ်ပြန်ပါတယ်။
အစာငတ်ခံဆန္ဒပြနေသူတွေကို အကျဉ်းထောင်က ညှဉ်းပန်းနှိပ်စက်နေတယ်လို့ India For Myanmar အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဒိုခါရ်က ပြောပါတယ်။
"လက်ရှိအခြေအနေက ၁၅ ရက်နေ့မှာ ထောင်အာဏာပိုင်တွေက လွှတ်ပေးမယ်ဆိုပြီး ကတိပြုခဲ့တယ်လို့ ကြားရတယ်။ ဒီဇင်ဘာ ၁၅ ရက်နေ့မှာ မလွှတ်တာကြောင့် ဒီ ၁၆ ရက်နေ့ကစပြီး အမျိုးသမီးထောင်မှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ မြန်မာနိုင်ငံသူတွေက အစာငတ်ခံ ဆန္ဒပြကြတယ်။ ၁၇ ရက်နေ့ညလောက်ကစပြီး နှင်းကျတဲ့နေရာမှာ အိပ်ခိုင်းတယ်။ ဒီမနက်ဆို (ဒီဇင်ဘာ ၁၉ ရက်) ရိုက်နှက်တာတွေ လုပ်လာတယ်။ အပြင်က ရဲယောက်ျားလေးတွေကို ခေါ်ပြီး ရိုက်ခိုင်းတယ်။ တော်တော်လေး အပြင်းအထန် ဒဏ်ရာရသူတွေရှိတယ်လို့လည်း ကြားရတယ်"
ဒီလို အမျိုးသမီးတွေကို ရိုက်နှက်တယ်ဆိုတာကြောင့် အမျိုးသားအဆောင်မှာ ထိန်းသိမ်းခံထားရသူတွေကလည်း ဒီဇင်ဘာလ ၁၉ ရက်နေ့ကစပြီး ပြန်မလွှတ်ပေးခင်အချိန်အထိ အစာအငတ်ခံဆန္ဒပြသွားမယ်လို့ပြောကြောင်းလည်း သူကပြောပါတယ်။
အမျိုးသမီးအဆောင်မှာ ၃၆ ဦး အစာငတ်ခံဆန္ဒပြနေပြီး အမျိုးသားအဆောင်ဘက်ကတော့ ဒီနေ့ကစပြီး ဆန္ဒပြတာကြောင့် စာရင်းအတိအကျ မသိရသေးဘူးလို့ ဆိုပါတယ်။
လက်ရှိမဏိပူရ်အကျဉ်းထောင်တွေမှာ မြန်မာနိုင်ငံသား တစ်ရာဝန်းကျင်ရှိပြီး အမျိုးသားတွေကို ထိန်းသိမ်းရေးစင်တာမှာ ထိန်းသိမ်းထားပြီး အမျိုးသမီးတွေကိုတော့ အမျိုးသမီးထောင်မှာ ထားတယ်လို့ ပြောပါတယ်။
ဒီဖမ်းဆီးခံရသူတွေကို နိုင်ငံခြားသားဥပဒေ (Foreigner Act)နဲ့ ဖမ်းဆီးတရားစွဲထားပြီး ငွေဒဏ်နဲ့ ထောင်ဒဏ်ခြောက်လအထိ အမိန့်ချထားတယ်လို့လည်း ဆိုပါတယ်။
ဖမ်းဆီးခံထားရတဲ့ စစ်ဘေးဒုက္ခသည်တွေ အစာငတ်ခံဆန္ဒပြနေတယ်ဆိုတာနဲ့ သူတို့ကို ညှဉ်းပန်းနှိပ်စက်တာတွေရှိတယ်လို့ ပြောဆိုချက်နဲ့ပတ်သက်ပြီး မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးကို အီးမေးကနေဆက်သွယ်မေးမြန်းထားပေမဲ့ လက်ရှိအချိန်အထိ တစ်စုံတစ်ရာ အကြောင်းပြန်တာ မရှိသေးပါဘူး။
ဒီဖမ်းဆီးခံမြန်မာတွေကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့နဲ့ စစ်ဘေးဒုက္ခသည်တွေကို အကူအညီပေးဖို့ မဏိပူရ်ပြည်နယ်ဝန်ကြီးချုပ်ကို တောင်းဆိုသွားမယ်လို့လည်း ဆလိုင်းဒိုခါရ်က ပြောပါတယ်။
လက်ရှိမဏိပူရ်ပြည်နယ်ထဲမှာ မြန်မာစစ်ဘေးဒုက္ခသည် ခြောက်ထောင်ဝန်းကျင်ရှိပြီး အများစုက စစ်ကိုင်းတိုင်းထဲမှာရှိတဲ့ ကလေး၊ တမူးနဲ့ ချင်းပြည်နယ်ဘက်ကဆိုရင် တီးတိန်နဲ့ တွန်းဇံမြို့က ဒေသခံတွေလို့ ဆိုပါတယ်။