အိန္ဒိယက မြန်မာနယ်စပ်ဂိတ်တံတားကို ပိတ်ထားမှုကြောင့် ဒေသခံတွေ အခက်တွေ့နေ
2024.09.19
အိန္ဒိယ-မြန်မာနယ်စပ် အမှတ်(၂) ရိခေါ်ဒါရ် - ရိဒ်- ဇိုခေါ်ဒါရ် ကုန်သွယ်ရေး တံတားကို အိန္ဒိယဘက်က ပိတ်ထားတာ အချိန်နှစ်လကျော်ကြာလာတာကြောင့် စားနပ်ရိက္ခာ အခက်အခဲဖြစ်လာတယ်လို့ နယ်စပ်ဒေသခံတွေက RFA ကို ပြောပါတယ်။
အဲဒီ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းကတစ်ဆင့် အိန္ဒိယနိုင်ငံထဲ ကွမ်းသီးခြောက်တွေ တရားမဝင် တင်သွင်းနေတယ်ဆိုတဲ့ တိုင်ကြားချက်ကို ဗဟိုစုံစမ်းစစ်ဆေးရေး ဗျူရိုက စုံစမ်းနေတာကြောင့် ဇူလိုင်လ ၂၅ ရက်နေ့က စပြီးပိတ်လိုက်တာပါ။
ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့မှာ နေထိုင်တဲ့ ဒေသခံတွေဂာ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ဘက်နေ ဆန်၊ ဆီ၊ ဆား၊ ငါးပိကို အဓိက ဝယ်ယူနေကြရတာပါ။
စစ်ကောင်စီရဲ့ ကန့်သတ်ပိတ်ဆို့မှုနဲ့ လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့် မြန်မာ ပြည်မဘက်ကနေလာတဲ့ ကုန်ပစ္စည်းတွေကို ဈေးကြီးပေးဝယ်ယူနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အိန္ဒိယဘက်ကနေ ကုန်ပစ္စည်းဝယ်ယူတင်သွင်းခွင့် မပြုတာကြောင့် ကုန်ဈေးနှုန်းတွေ အဆမတန် မြင့်တက်လာတယ်လို့ မီဇိုရမ်ပြည်နယ်၊ အိုက်ဇောမြို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
"မြန်မာဘက်ကို ဘာပစ္စည်းမှ သယ်မရဘူး။ ပစ္စည်းမပြောနဲ့ ကျွတ်ကျွတ်အိတ် တစ်အိတ်ယူရင်တောင် ဂိတ်မှာ Report (အစီရင်ခံစာ) တင်ရတဲ့အထိဖြစ်သွားတာ။ အဲဒီလောက် တင်းကျပ်လိုက်တယ်။ ဒီဘက်မှာတော့ မြန်မာကလာတဲ့ ကုန်စိမ်းတွေ မရတော့ဘူး။ ရိဒ်ဘက်ကတော့ မီဇိုရမ်ဘက်နေ ဆန်တို့ဆီတို့ ဝယ်မရတော့ တော်တော်ခက်ခဲတယ်။ ပစ္စည်းရှားတဲ့အပြင် ကုန်ဈေးနှုန်းလည်း အဆမတန် တက်နေတယ်”
ဒေသခံတွေ သွားလာမှုနဲ့ ကျောင်းသား၊ ကျောင်းသူတွေ နယ်စပ်ဖြတ်သန်းသွားလာခွင့်ကိုတော့ အိန္ဒိယ အာဏာပိုင်တွေဘက်က ခွင့်ပြုပေးထားတယ်လို့ သူက ပြောပါတယ်။
ဒါပေမဲ့ နယ်စပ်ကုန်သွယ်ရေးကို အမီပြုပြီး ကုန်တင်ကုန်ချ အလုပ်နဲ့ အသက်မွေး ၀မ်းကျောင်းပြုနေတဲ့ ဒေသခံ အလုပ်သမား ငါးရာခန့် ရှိပြီး အခုလို နယ်စပ်ကုန်သွယ်ရေးရပ်တန့်မှုကြောင့် အလုပ်လက်မဲ့ဖြစ်ပြီး မိသားစု စားဝတ်နေရေး အခက်ခဲဖြစ်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကုန်သွယ်ရေးပိတ်ထားတဲ့အတွက် နယ်စပ်ဒေသခံတွေ အခက်အခဲ ကြုံနေရတယ်လို့ ဇိုခေါ်ဒါရ် ကျေးရွာအုပ်ချုပ်ရေးမှူး ပူးလာလ်မွန်ပွီးယာ ပြောတဲ့အကြောင်း အိန္ဒိယ သတင်းဌာနတစ်ခုဖြစ်တဲ့ All India Radio News က ဖော်ပြထားပါတယ်။
နယ်စပ်ဂိတ် ဘယ်တော့ပြန်ဖွင့်မလဲဆိုတာတော့ အိန္ဒိယ အာဏာပိုင်တွေဘက်က တစ်စုံတစ်ရာ တုံ့ပြန်ပြောဆိုတာ မရှိသေးပါဘူး။
ချင်းပြည်နယ် ရိခေါ်ဒါရ်မြို့ကို ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့ ဟွာငိုလ်ရမ်က ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်နေ့ကစပြီး ထိန်းချုပ်ထားပါတယ်။