အိန္ဒိယနယ်စပ်ခြံစည်းရိုးကြောင့် ဒေသခံတွေ သွားလာရေးအခက်ကြုံနေ

RFA Burmese
2024.09.04
အိန္ဒိယနယ်စပ်ခြံစည်းရိုးကြောင့် ဒေသခံတွေ သွားလာရေးအခက်ကြုံနေ စစ်ကိုင်းတိုင်း၊ တမူးမြိုနယ်နဲ့ အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ် နယ်စပ်ခြံစည်းရိုးကို တွေ့ရစဉ်။
Citizen Photo

အိန္ဒိယ-မြန်မာနယ်စပ် နယ်ခြံစည်းရိုးကို အိန္ဒိယဘက်က ကာနေတာကြောင့် သွားလာရေး အခက်ကြုံနေရတယ်လို့ တမူး-မိုရေးနယ်မှာနေထိုင်တဲ့ ဒေသခံတွေက RFA ကို ပြောပါတယ်။

အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်း၊ တမူးမြို့ ထိစပ်နေတဲ့နေရာကို အိန္ဒိယဘက်က နယ်စပ်ခြံစည်းရိုးခတ်နေတာ မိုင်သုံးဆယ်ခန့် ပြီးနေပြီလို့ ဆိုပါတယ်။

တမူးနဲ့ မဏိပူနယ်စပ်တစ်လျှောက် ခြံစည်းရိုးခတ်လိုက်ရင် ဒေသခံတွေ သွားလာမှု အခက်ကြုံရမယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ တမူး-မိုရေး နယ်စပ်မှာနေထိုင်သူတစ်ဦးက RFA ကိုပြောပါတယ်။

"သူတို့စကာတာ တမူးအထက်ဘက်ကနေ စတယ်။ အခု စည်းရိုးက မိုင်က သုံးဆယ်ကျော်လောက်ရှိပြီ။ ရှိသမျှ နယ်ိနမိတ် အကုန်ကာမလားဆိုတာတော့ အတိအကျ မသိရသေးဘူး။ အကုန်ကာရင်တော့ သွားလာရေး တော်တော်ခက်ခဲသွားမှာ"

အိန္ဒိယဘက်က နယ်စပ်ဂိတ် အဝင်အထွက်တွေကို ပိတ်ထားပေမဲ့ တရားမဝင် ကြားလမ်းတွေကနေ ဒေသခံတွေဟာ တစ်ပိုင်တစ်နိုင် ကုန်စည်ကူးသန်းမှုအတွက် သွားလာနေကြတာပါ။

နယ်စပ်ခြံစည်းရိုးကြောင့် အဲဒီလိုသွားလာမှုတွေ ခက်ခဲသွားနိုင်ပြီး တစ်ပိုင်တစ်နိုင် ကုန်စည်ကူးသန်းမှုတွေ ပြတ်တောက်သွားနိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အိန္ဒိယဘက်က နယ်စပ်ခြံစည်းရိုးကာတာကို ၂၀၂၂ ခုနှစ်၊ ဇွန်လမှာ စတင်ခဲ့ပေမဲ့ ကြားမှာ ရပ်နားမှုတွေရှိခဲ့ပြီး အခု ခြံစည်းရိုး ပြန်ခတ်နေတာပါ။

အိန္ဒိယ-မြန်မာနယ်စပ်တစ်လျှောက် မှောင်ခိုလုပ်ငန်းတွေနဲ့ တရားမဝင်လှုပ်ရှားမှုတွေကို တားဆီးဖို့ အိန္ဒိယအစိုးရက ဒေါ်လာ လေးဘီလီယံနီးပါး သုံးစွဲပြီး နယ်စပ်ခြံစည်းရိုး တည်ဆောက်ဖို့ ပြင်ဆင်ခဲ့တာပါ။

နယ်စပ်ခြံစည်းရိုးကာရံမဲ့ ကုန်ကျစရိတ်ကို အိန္ဒိယဗဟိုအစိုးရက ၂၀၂၄ ခုနှစ် မတ်လဆန်းမှာ ခွင့်ပြုခဲ့တယ်လို့ ရိုက်တာသတင်းက ဖော်ပြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။