အိန္ဒိယ - မြန်မာ နယ်စပ်မှာ မြေမြှုပ်မိုင်းကြောင့် စစ်ဘေးဒုက္ခသည်နှစ်ဦး သေဆုံး

RFA Burmese
2024.07.31
အိန္ဒိယ - မြန်မာ နယ်စပ်မှာ မြေမြှုပ်မိုင်းကြောင့် စစ်ဘေးဒုက္ခသည်နှစ်ဦး သေဆုံး ချင်းပြည်နယ်၊ ရိဒ်ခေါ်ဒါရ်နှင့် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ် ဆက်သွယ်ထားသည့် ရိဒ်- ဇိုခေါ်ဒါရ် ဂိတ်တံတားအား ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်၊ အိန္ဒိယ - မြန်မာနယ်စပ်အနီးမှာ မြေမြှုပ်မိုင်းနင်းမိလို့ စစ်ဘေးဒုက္ခသည် အမျိုးသမီးတစ်ဦးနဲ့ အမျိုးသားတစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

ဇူလိုင်လ ၂၈ ရက်နေ့က မြန်မာဘက်အခြမ်းက နေအိမ်ကို ခဏပြန်သွားခဲ့ရာက အိန္ဒိယ - မြန်မာနယ်စပ် မိုင်တိုင်အမှတ် ၉၁ နဲ့ ၉၂ အကြားမှာ မြေမြှုပ်မိုင်း နင်းမိတာခဲ့တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

"မင်းသာကျေးရွာနဲ့ ဗန္ဓုလ ကျေးရွာကနေ အိန္ဒိယဘက်ကို စစ်ရှောင်တဲ့သူတွေဖြစ်တယ်။ မြန်မာဘက်ခြမ်းကို ခဏပြန်သွားတာ သူတို့ရွာဘက်ကိုပေါ့။ စစ်ရှောင်တဲ့ နေရာနဲ့ နီးနီးလေးပဲ ရွာကလေ၊ သူတို့ မြန်မာဘက်အခြမ်းရောက်တော့ မိုင်းနင်မိတာ။ နှစ်ယောက်တော့သေတယ်"

သေဆုံးသူတွေဟာ အသက် ၂၀ ဝန်းကျင် လူငယ်တွေဖြစ်ပြီး တမူးမြို့နယ်ထဲက တိုက်ပွဲတွေကြောင့် အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်ဘက်က ကျေးရွာတွေမှာ စစ်ဘေးဒုက္ခသည်အဖြစ် တိမ်းရှောင်နေကြတာပါ။

အဲဒီမြေမြှုပ်မိုင်းဟာ ဘယ်အဖွဲ့က ထောင်ထားတဲ့ မိုင်းလဲဆိုတာ မသိရဘူးလို့ဒေသခံတွေကပြောပါတယ်။

ဒါနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောခွင့်ရသူ လူမှုရေးရာ၀န်ကြီး ဦးညွန့်၀င်းအောင် ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ လက်ခံဖြေကြားတာ မရှိပါဘူး။

ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ (UNICEF) ရဲ့ အစီရင်ခံစာတွေအရ ၂၀၂၁ ခုနှစ် ဇန်နဝါရီလကနေ ၂၀၂၄ ခုနှစ် မတ်လအထိ မြေမြှုပ်မိုင်းနဲ့ စစ်ကျန်လက်နက်ပစ္စည်းပေါက်ကွဲမှု ၁၂၁၄ ကြိမ်ဖြစ်ခဲ့ပြီး ၄၂၂ ဦး သေဆုံးကာ ၁၆၄၃ ဦး ဒဏ်ရာရခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။