ဆလိုင်းအိုက်ဇက်ခင်ကို ရာထူးကနေ ထုတ်ပယ်ကြောင်း NUG ထုတ်ပြန်

RFA Burmese
2024.08.03
ဆလိုင်းအိုက်ဇက်ခင်ကို ရာထူးကနေ ထုတ်ပယ်ကြောင်း NUG ထုတ်ပြန် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နိုင်ငံခြားရေးဝန်ကြီးဌာန၏ အိန္ဒိယနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ဆလိုင်းအိုက်ဇက်ခင်အား ၂၀၂၄ ခုနှစ် ဧပြီလ ၂၅ ရက်နေ့က တွေ့ရစဉ်။
Salai Isaac Khen/Facebook

ရုံးဝန်ထမ်း အမျိုးသမီးတစ်ဦးကို လိင်ပိုင်းဆိုင်ရာ ထိပါးနှောက်ယှက်တယ်ဆိုတဲ့ တိုင်ကြားချက်ကြောင့် တာဝန်ကနေ ယာယီရပ်ဆိုင်းခံထားရတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နိုင်ငံခြားရေးဝန်ကြီးဌာန အိန္ဒိယနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ဆလိုင်းအိုက်ဇက်ခင်ကို ရာထူးကနေ ထုတ်ပယ်လိုက်ကြောင်း သြဂုတ်လ ၃ ရက်နေ့က ထုတ်ပြန်ကြေညာလိုက်ပါတယ်။

တိုင်ကြားစာနဲ့ ပတ်သက်ပြီး လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်ခြင်း၊ အမြတ်ထုတ်ခြင်းနဲ့ မဖွယ်မရာပြုမူခြင်း ဆိုင်ရာ အကာအကွယ်ပေးရေးမူဝါဒ ဗဟိုကော်မတီရဲ့ သုံးသပ်ဆုံးဖြတ်ချက်တွေနဲ့အညီ ၂၀၂၄ ဩဂုတ် ၁ ရက်နေ့ မနက်ပိုင်းကစပြီး ရာထူးကနေ ထုတ်ပယ်လိုက်တယ်လို့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

စာရွက်စာတမ်းသက်သေ၊ လူသက်သေနဲ့ မျက်မြင်သက်သေတွေရဲ့ ထွက်ဆိုချက်တွေအရ ကာယကံရှင် မလိုလား မနှစ်သက် စိတ်အနှောင့်အယှက်ကြီးစွာ ဖြစ်ရတဲ့အပြုအမူတွေကို ကြိမ်ဖန်များစွာ ထပ်တလဲလဲ လုပ်ခဲ့တယ်ဆိုတာ ထင်ရှားတဲ့အတွက် ဆလိုင်းအိုက်ဇက်ခင်ဟာ လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်ခြင်း အမှန်တကယ် ကျူးလွန်ခဲ့တယ်လို့ သုံးသပ်ကြောင်း စစ်ဆေးခဲ့တဲ့ ကော်မတီရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မြန်မာ့တော်လှန်ရေးအစိုးရရုံးမှာ တာဝန်ခံရမယ့် တာဝန်အရှိဆုံးပုဂ္ဂိုလ်ရဲ့ ပဋိပက္ခကာလအတွင်း လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်မှု၊ တာဝန်ကင်းမဲ့မှုဖြစ်ပြီး အထူးသဖြင့် ကာကွယ်ပေးဖို့ တာဝန်အရှိဆုံးသူက ကျူးလွန်တာကြောင့် လုံးဝလက်မခံဘဲ ထိရောက်စွာ တုံ့ပြန်ရမဲ့ကိစ္စ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

ဒီကိစ္စမှာ နစ်နာသူနဲ့ လုပ်ဖော်ကိုင်ဖက် မျက်မြင်သက်သေတွေကို သင့်တော်တဲ့ အထောက်အပံ့ အစီအမံတွေကို NUG နိုင်ငံခြားရေးဝန်ကြီးဌာနက လုပ်ပေးသွားမယ်လို့လည်း ရေးသားထားပါတယ်။

လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခံရတယ်ဆိုပြီး တိုင်ကြားခဲ့တဲ့ အမျိုးသမီးကို ဧပြီလ ၃၀ ရက်နေ့က တာဝန်ကနေ ရပ်နားလိုက်တာကို လက်မခံနိုင်တာကြောင့် သူ့သဘောဆန္ဒအရ မေလ ၁၄ ရက်နေ့မှာ NUG နိုင်ငံခြားရေးဝန်ကြီးဌာနကို နုတ်ထွက်စာပေးပို့ခဲ့တာပါ။
ဒါ့အပြင် လိင်ပိုင်းဆိုင်ရာ ကျူးလွန်းခံရတယ်လို့ တိုင်ကြားခဲ့တဲ့ အမျိုးသမီးနဲ့ အခြားဝန်ထမ်း အမျိုးသမီးနှစ်ဦးကို ရာထူးကနေ ရပ်နားခဲ့တယ်လို့လည်း ဆိုပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။