တမူးမှာ အသတ်ခံရတဲ့ အိန္ဒိယနိုင်ငံသား နှစ်ဦးရဲ့အလောင်း မြန်မာဘက်က ပြန်မပေးလို့ အိန္ဒိယမှာ ဆန္ဒပြ

စစ်ကိုင်းတိုင်း၊ တမူးမြို့မှာ ဇူလိုင် ၅ ရက်နေ့က အသတ်ခံရတဲ့ အိန္ဒိယနိုင်ငံသား နှစ်ဦးရဲ့ အလောင်းကို ဇူလိုင် ၆ရက်နေ့ နေ့လယ်ပိုင်းအထိ မြန်မာနိုင်ငံဘက်က ပြန်မပေးတာကြောင့် အိန္ဒိယနိုင်ငံ မိုးရေးမြို့က ပြည်သူ ၂ဝဝကျော် ဆန္ဒပြခဲ့ကြပြီး အိန္ဒိယ-မြန်မာ နယ်စပ်ဂိတ်က ရဲကင်းတစ်ခုကို မီးရှို့ခဲ့တယ်လို့ မိုးရေးမြို့က တမူးဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
"မြန်မာဘက်က အလောင်းကို ဒီနေ့ ၁၂နာရီမှာ မိုးရေးဘက်ကို ပို့မယ်လို့ ချိန်းထားတာ။ အဲဒါ မပို့တာကြောင့် ဆန္ဒပြတာဖြစ်တယ်။ မနက်ကတည်းက သူတို့ လူစုနေကြတာ။ ဒီ မိုးရေးမှာရှိတဲ့ မြန်မာနိုင်ငံသားတွေက အပြင်မထွက်ရဲကြတော့ဘူး။ မိုးရေးနဲ့ တမူးကြားက ရဲကင်းတစ်ခုကိုလည်း ဒီဘက်က ဆန္ဒပြတဲ့သူတွေက သွားပြီးမီးရှို့တယ်"
သေဆုံးသွားတဲ့ အိန္ဒိယနိုင်ငံသား နှစ်ဦးရဲ့ အလောင်းကို တမူးပြည်သူ့ဆေးရုံ ရင်ခွဲရုံမှာ ထားရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အိန္ဒိယနိုင်ငံ မိုးရေးမြို့မှာ နေထိုင်တဲ့ အသက် ၂၈နှစ်အရွယ် ယာနာနဲ့ အသက်၃၅နှစ် အရွယ် မိုဟန် တို့ စစ်ကိုင်းတိုင်း၊ တမူးမြို့က သူငယ်ချင်းတွေဆီ ဇူလိုင် ၅ရက်နေ့က အလည်အပတ်သွားချိန်မှာ စစ်ကောင်စီလက်အောက်ခံ ပျူစောထီးအဖွဲ့က ပစ်သတ်ခဲ့တယ်လို့ မျက်မြင်ဒေသခံတွေက RFA ကို ပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က တစ်စုံတစ်ရာ သတင်းထုတ်ပြန်ထားတာ မရှိသေးပါဘူး။
မြန်မာနိုင်ငံဘက်ကနေ အိန္ဒိယနိုင်ငံ မိုးရေးမြို့မှာ စစ်ဘေးဒုက္ခသည် မြန်မာနိုင်ငံသား အိမ်ထောင်စု ၃ဝဝ ကျော်လောက်ရှိနေပြီး လက်ရှိဖြစ်နေတဲ့ ပဋိပက္ခတွေကြောင့် မိုးရေးမြို့က မြန်မာနိုင်ငံသားတွေ အပြင်မထွက်ရဲ ဖြစ်နေတယ်လို့ စစ်ဘေးရှောင်တွေက ပြောပါတယ်။