ဒေါ်အောင်ဆန်းစုကြည်နဲ့ အိန္ဒိယ ခွဲလို့မရနိုင်ကြောင်း အိန္ဒိယ နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောဆို

မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နဲ့ အိန္ဒိယနိုင်ငံရဲ့ ရင်းနှီးမှုဟာ ခိုင်ခိုင်မြဲမြဲ ရှိနေတာ ဖြစ်ကြောင်း အိန္ဒိယ နိုင်ငံခြားရေး ဝန်ကြီးဌာန အတွင်းဝန် Mrs. Nirupama Rao က ပြောလိုက်ပါတယ်။ နိုဝင်ဘာလ (၂၂) ရက်နေ့ ည အိန္ဒိယနိုင်ငံက လွှင့်ထုတ်တဲ့ CNBC ရုပ်မြင် သံကြား လိုင်းအမှတ် (၁၈) ရဲ့ တွေ့ဆုံ မေးမြန်းခန်းမှာ ပြောဆိုခဲ့တာပါ။

2010.11.22

ဒေါ်အောင်ဆန်းစုကြည် နဲ့ မြန်မာ့ဒီမိုကရေစီအင်အားစုတွေအပေါ် အိန္ဒိယအစိုးရက ကာကွယ်ပြောဆိုတာမျိုး ကင်းမဲ့နေတယ်လို့ ယုံကြည်နေကြတဲ့ အိန္ဒိယပြည်သူတွေတွေကို ဘာများပြောချင်ပါသလဲ၊ အိန္ဒိယ ဟာ ကိုယ်ပိုင် မူတွေ၊ တန်ဖိုး တွေကို သစ္စာဖေါက်လိုက်ပြီလား ဆိုတဲ့ မေးမြန်းချက်အပေါ် Mrs. Nirupama Rao က -
မူဝါဒ အရွေ့အလျားအားလုံးဟာ လက်တွေ့နိုင်ငံရေး၊ အမျိုးသားအကျိုးစီးပွား ကာကွယ်ရေး၊ လုံခြုံရေး နဲ့ မဟာဗျူဟာ ကိစ္စတွေအပေါ် မူတည်နေတာပါ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ ကျမတို့မှာ သိပ်ကို နီးကပ်ခိုင်မြဲတဲ့ ဆက်ဆံရေးရှိပါတယ်၊ သူဟာ အိန္ဒိယမှာ နေထိုင်ကြီးပြင်းခဲ့တာပါ၊ သူ့ပါရဂူဘွဲ့အတွက် အိန္ဒိယမှာပဲ သုတေသန လုပ်ခဲ့တာပါ၊ ဒီတော့ သူနဲ့ အိန္ဒိယ ဆက်စပ်မှုက ဘယ်တော့မှ ကျိုးပျက်မသွားနိုင်ပါဘူး၊ ဒီကနေ့ မြန်မာပြည်အခြေအနေတွေက အင်မတန်ကိုရှုပ်ထွေးလှပါတယ်၊ အိန္ဒိယကတော့ မြန်မာပြည် က ဦးဆောင်သူ တွေနဲ့ ထိတွေ့ပြီး အားလုံးပါဝင်တဲ့နိုင်ငံရေးအပြောင်းအလဲနဲ့ အုပ်စုတွေကြား အမျိုးသား ရင်ကြားစေ့ရေး ပေါ်ပေါက်စေချင်တဲ့အကြောင်း ပြောဆိုဖို့ကိုပဲ အမြဲရှာကြံနေတာပါလို့ ဖြေကြားခဲ့ပါတယ်။

မြန်မာ့ဒီမိုကရေစီရေးကို အိန္ဒိယ က ပွင့်ပွင့် လင်းလင်း မထောက်ခံတဲ့အတွက် စိတ်မကောင်းကြောင်း တွေ့ဆုံမေးမြန်းမှုတစ်ခုမှာ ဒေါ်အောင်ဆန်းစုကြည် ပြောဆိုခဲ့တာ နဲ့ ပတ်သက်ပြီးတော့လည်း -
ဒေါ်အောင်ဆန်းစုကြည်နဲ့ သံအမတ်တွေ တွေ့ဆုံခဲ့ရာမှာ အိန္ဒိယသံအမတ်လည်း ပါဝင်ခဲ့ကြောင်း၊ အိန္ဒိယ အပေါ် ဆက်ဆံရေးနွေးထွေးကြောင်း၊ အိန္ဒိယ ကလည်း ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာတာ ဟာ မြန်မာပြည်အပြောင်းအလဲအတွက် အဆင့်တစ်ဆင့်အဖြစ် မြင်တဲ့အတွက် ကြိုဆိုတယ်ဆိုတာ ကမ္ဘာသိ ကြေညာပြီးဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။

မြန်မာပြည်ရွေးကောက်ပွဲအပေါ် သဘောထားမေးမြန်းရာမှာတော့ -
အိန္ဒိယ ရဲ့ မူဝါဒဟာ အာဆီယံနိုင်ငံတွေ ပြောတာတွေနဲ့ အံဝင်ခွင်ကျပါပဲ၊ ဖြစ်စဉ်ထဲက အဆင့်တစ်ခုလို့ မြင်ပါတယ်၊ မြန်မာနိုင်ငံမှာ အတွင်းကြိတ်ပြီး ဖြစ်နေတဲ့၊ မမြင်သာတဲ့ အပြောင်းအလဲတစ်ခု ရှိနေပါတယ်၊ အဲဒါဟာ အပြုသဘောဆောင်ပြီး အားလုံးပါဝင်တဲ့ ရင်ကြားစေ့ရေး နဲ့ နိုင်ငံရေးအပြောင်းအလဲတစ်ရပ်ဆီ ဦးတည်သွားမယ့် လှုပ်ရှားမှုတစ်ရပ် ဖြစ်လာပါစေကြောင်း မျှော်လင့်ပါတယ် လို့ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာန အတွင်းဝန် Mrs. Nirupama Rao က ပြောလိုက်ပါတယ်။


မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။