မဟာဗျူဟာကြောင့် အိန္ဒိယက မြန်မာ့အရေး လက်ရှောင်

မြန်မာစစ်အစိုးရနဲ့ ပတ်သက်ပြီး လက်ရှောင်နေတာဟာ မဟာဗျူဟာ အကျိုးစီးပွားကြောင့် ဖြစ်ကြောင်း အိန္ဒိယအစိုးရ အရာရှိကြီးတယောက်က အေအက်ပီ သတင်းဌာနကို ပြောလိုက်ပါတယ်။

2010.11.10
than_shwe_patil_india_305_z.jpg မြန်မာ စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ (ယာ) ဇူလိုင်လကုန်ပိုင်းတွင် အိန္ဒိယနိုင်ငံသို့ ၅ ရက်ကြာ အလည်ခရီး သွားရောက်စဉ် အိန္ဒိယ သမတ ပရာတီဘာ ဆင်း ပတေးလ် (ဝဲ) နှင့် ဇူလိုင် ၂၇ ရက်နေ့က တွေ့ဆုံ နှုတ်ဆက်နေပုံ ဖြစ်ပါသည်။ (Photo: AFP)
(Photo: AFP)

အိန္ဒိယပါလီမန်မှာ အမေရိကန်သမတ အိုဘားမားက မြန်မာစစ်အစိုးရရဲ့ လူ့အခွင့်အရေး ချိုးဖောက်နေတာတွေကို အိန္ဒိယအစိုးရက မသိကျိုးကျွံ ပြုနေတဲ့အပေါ် ဝေဖန်ပြောဆိုခဲ့ပြီး နောက်တနေ့မှာ အမည်မဖော်လိုသူ အစိုးရအရာရှိကြီးတဦးက တုံ့ပြန်ပြောဆိုခဲ့တာပါ။

မြန်မာနဲ့ အိန္ဒိယဟာ နယ်စပ်ချင်း ရှည်ရှည်လျားလျား ဆက်စပ်နေကြတာပါ၊ အိန္ဒိယရဲ့ မြန်မာပြည်ဆိုင်ရာ မူဝါဒ၊ အိန္ဒိယရဲ့ မြန်မာပြည်ဆိုင်ရာအမြင်ဟာ နိုင်ငံရေးမဟာဗျူဟာအရ ဖြစ်လာရတာပါ၊ မိမိတို့အနေနဲ့ မြန်မာပြည် ငြိမ်းချမ်းစေချင်ပါတယ်လို့ ပြောဆိုခဲ့ပါတယ်။

မူလပထမက ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံခဲ့တဲ့ အိန္ဒိယဟာ ၁၉၉၀ ခုနှစ်ပိုင်းတွေအတွင်း လုံခြုံရေး၊ လောင်စာစွမ်းအင်နဲ့ မဟာဗျူဟာမြောက် ဦးစားပေးကိစ္စတွေကြောင့် စစ်အစိုးရနဲ့ ဆက်ဆံရေးကောင်းမွန်အောင် ကြိုးစားလာခဲ့ပါတယ်။

နယ်စပ်ဒေသတလျှောက်က ခွဲထွက်ရေး သူပုန်အဖွဲ့တွေ၊ မြန်မာ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့၊ မြန်မာအပါအဝင် ဒေသတွင်းမှာ တရုတ်ရဲ့ ကြီးထွားလာတဲ့ သြဇာ စတာတွေကြောင့် အိန္ဒိယဟာ မြန်မာစစ်အစိုးရရဲ့ အကူအညီကို လိုအပ်နေတာ ဖြစ်ကြောင်း အိန္ဒိယအစိုးရအရာရှိ အသိုင်းအဝန်းက ဆိုပါတယ်။

ဒါပေမဲ့ အိန္ဒိယ ကက်ရှ်မီးယား ခွဲထွက်ရေးဝါဒီတွေကတော့ အမေရိကန်သမတ အိုဘားမား ဟာ စံနှုန်းနှစ်မျိုးထားပြီး လိုသူအပေါ်တမျိုး၊ မလိုသူအပေါ် တမျိုးပြောဆိုခဲ့တယ်လို့ မနေ့က စွပ်စွဲ ပြောဆို လိုက်ပါတယ်။

အိန္ဒိယ ပါလီမန်မှာ အမေရိကန်သမတ အိုဘားမားက မြန်မာစစ်အစိုးရရဲ့ လူ့အခွင့်အရေး ချိုးဖောက်နေတာတွေကို အိန္ဒိယအစိုးရက မသိကျိုးကျွံပြုနေတဲ့အပေါ် ဝေဖန်ပြောဆိုခဲ့ပေမဲ့၊ မိမိတို့ ကက်ရှ်မီးယားဒေသမှာ အိန္ဒိယအစိုးရက ဖိနှိပ်နေတာတွေကိုတော့ ထည့်သွင့်ပြောဆိုဖော် မရဘူး လို့ ဝေဖန်လိုက်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။